
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို အောက်တိုဘာ ၁၂ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပြီး ယင်းနေ့တွင် ကျောက်မျက်အတွဲ ၇၀ ရောင်းချခဲ့ရကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့်ကျောက်စိမ်းအတွဲများကို လေ့လာကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း ၇၀ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။
ပြပွဲဆဋ္ဌမနေ့တွင် အုပ်စု(အေ)နှင့်အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ်(၁)မှ (၅၅၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါကျောက်စိမ်းအတွဲများအတွက် ရောင်းချရသည့်အတွဲများကို အောက်တိုဘာ ၁၃ ရက်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း ၃၀၇၃ တွဲကို ကျောက်ရည်ကျောက်သွေးကောင်းမွန်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်မှုစသည့်အခြေအနေများအရ အုပ်စု(အေ၊ ဘီ)နှင့် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု(စီ)ဟူ၍ အုပ်စုသုံးစုခွဲခြားထားခြင်းဖြစ်ပြီး အုပ်စု(အေ)နှင့်(ဘီ) ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ အုပ်စု(စီ) ကျောက်စိမ်းအတွဲပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိလည်းကောင်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။