
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် ပြုလုပ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး စခန်းများကို အောက်တိုဘာ ၁၄ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာနေထိုင်သွားလာလုပ်ကိုင်ခွင့်ရရှိစေရေးနှင့် ဥပဒေပါအကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး စခန်းများကို အောက်တိုဘာ ၁၄ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
CI လျှောက်ထားလိုသည့် အလုပ်သမားများသည် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂၆၆၀ ကို ပေးသွင်း၍ မိမိ CI လျှောက်ထားလိုသည့် စခန်းအမည်နှင့် နေ့ရက်တို့ကို ရွေးချယ်နိုင်ကြောင်း သိရသည်။
CI လျှောက်ထားလိုသည့် အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် မိမိတို့ရရှိသည့် အခြေခံလုပ်ခလစာ ၃ လစာစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ထားသည့် အထောက်အထားများအား CI လျှောက်ထားသည့်အချိန်တွင် ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းပြီးပါက ဆိုင်မှ ပြန်လည်ထုတ်ပေးသည့် ပြေစာနှင့်အတူ မိမိရွေးချယ်ထားသည့် စခန်းတွင် သတ်မှတ်ပေးသည့် နေ့ရက်၌ Cl သွားရောက် ပြုလုပ်ရမည်ဖြစ်သောကြောင့် အပိုကုန်ကျစရိတ် မရှိစေရေး အလုပ်သမားများ ကိုယ်တိုင်သော်လည်းကောင်း၊ အလုပ်ရှင်အစီအစဉ်ဖြင့်သော်လည်းကောင်း CI သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။