Eleven Media Group

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၇၇ အနီး တွင် ခရီးသည်တင်ယာဉ်က Light Truck ကို နောက်မှဝင်တိုက်မိပြီး နှစ်ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၇၇ အနီး တွင် အောက်တိုဘာ ၁၄ ရက်က ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှသွားနေသည့် Light Truck ယာဉ်ကို နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ရာ Light Truck ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် NAY MIN MYANMAR LIGHT TRUCK အမျိုးအစား အဖြူရောင်ယာဉ်သည် အမြန်လမ်း၏ လက်ယာဘက် ယာဉ်ကြောအတိုင်း မောင်းနှင်နေစဉ် အနောက်မှ လားရာတူမောင်းနှင်လာသည့် 3N-9841 YUTONG အမျိုးအစား ခရီးသည်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အမြန်လမ်းဘေးရှိ Guard Rail အကာအရံတန်း နှစ်ခန်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်အမြန်နှုန်းထက် မကျော်လွန်ဘဲ မောင်းနှင်ရန်၊ ရှေ့ယာဉ်နှင့် အနည်းဆုံး ပေ ၃၀၀ အကွာအဝေးထားရှိရန်၊ ပုံမှန်မောင်းနှင်ချိန်တွင် လက်ယာဘက်ယာဉ်ကြောကို အသုံးပြုရန်နှင့် ကျော်တက်ချိန်တွင်သာ လက်ဝဲဘက်ယာဉ်ကြောကို အသုံးပြုရန် ၊မိုးရွာသွန်းချိန်နှင့် လမ်းရေစိုနေချိန်တွင် အထူးသတိထားမောင်းနှင်ရန်နှင့် ယာဉ်မောင်းများ အိပ်ငိုက်ခြင်းမဖြစ်စေရေး ဂရုပြုကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားကြောင်း သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

မူရင်းသတင်း — Eleven Media Group