Eleven Media Group

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ မြိတ်ဆိပ်ကမ်းသို့ရောက်ရှိပြီး တာဝန်ရှိသူများကြိုဆို

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ မြိတ်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့မှမြိတ်မြို့သို့ တပ် မတော်စစ်သင်္ဘောဖြင့်ရောက်ရှိလာသည့် တနင်္သာရီတိုင်းဒေသကြီး ဒေသခံများအား ဆိပ်ငယ်ဗောတံတားတွင် တာဝန်ရှိသူများကကြိုဆိုကာ နေရာချထားပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့်နိုင်ငံသားများအပေါ် လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းကာ မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းနေထိုင်သူ(၁၄၂)ဦးကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ စစ်ရေယာဉ်ပြည်‌တော်အေး(၄)‌ရေယာဉ်ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"မလေးရှားကနေပြန်လည်ရောက်ရှိလာသူတွေကို မြိတ်မြို့၊မိုးလုံလေလုံအားကစားခန်းမမှာ နေရာချ ထားပေးထားတယ်၊ ထားဝယ်ဘက်ကို ၇၀ ကျော်၊ ကော့သောင်းဘက်ကို ၁၀ ကျော်ပြန်လည် ပို့ဆောင်ပေးမယ်"ဟု ဒေသခံ တစ်ဦးကဆိုသည်။

မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ထိုမှတဆင့်မြိတ်မြို့သို့ပြန်လည်ရောက်ရှိလာကြ သော မြန်မာနိုင်ငံသားများကို ဆိပ်ငယ်ဗောတံတားတွင် မြိတ်လေတပ်စခန်းဌာနချုပ်မှူးဗိုလ်မှူးချုပ်ဇော်မျိုး၊မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးဦးနှင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များမှ နွေးထွေးစွာကြိုဆိုခဲ့ကြကာ ခရိုင်အားကစားခန်းမတွင်ခေတ္တထားရှိ၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ UID စစ်ဆေးခြင်း၊ e-ID စစ်ဆေးခြင်းနှင့် PSMS စစ်ဆေးခြင်းကိုတာဝန်ရှိသူများကဆောင် ရွက်ခဲ့ကြပြီးသက်ဆိုင်ရာမြို့နယ်များထံလွှဲပြောင်းပို့ဆောင်ပေးရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group