Myanmar National Post

ဘင်္ဂလာဒေ့ရှ်က ရုရှားနျူ့ဓာတ်အားပေး စက်ရုံလည်ပတ်ဖို့ အဆင်သင့်ဖြစ်နေပြီ



အောက်တိုဘာ - ၁၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်တဲ့ ရူပူ စက်ရုံရဲ့ ပထမဆုံး ဂျင်နရေတာ ယူနစ်ဟာ နျူကလီးယားကွင်းဆက် တုံ့ပြန်မှု ကို ပထမဆုံးအကြိမ် ထိန်းချုပ် စတင် နိုင်ခဲ့ပါပြီ။

ကိုယ်တိုင်လည်ပတ်နိုင်တဲ့ ဒီကွင်းဆက် တုံ့ပြန်မှုဖြစ်ပေါ်ခြင်း ကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ နိုဝင်ဘာလအကုန်မှာ နိုင်ငံတော် လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်ဖို့ ရည်မှန်းထားတဲ့အတိုင်း အဆင်ပြေချောမွေ့နေဆဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် စွမ်းအင် ထိန်းညှိရေးအာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိပြီး သုံးရက်အကြာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ ၃၄ မိနစ်မှာ ဒီအောင်မြင်မှုကို ရရှိခဲ့တာပါ။

လုံခြုံရေး ဗဟိုနည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ရှိခဲ့လို့ စတင်လည်ပတ်ဖို့ အချိန်ကြန့်ကြာမှုတွေ ရှိခဲ့ပေမဲ့ ရုရှားပညာရှင်တွေရဲ့ အကူအညီနဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီး တရားဝင် ထိန်းချုပ် တုံ့ပြန်မှု မလုပ်ခင်မှာ ရေဒါ (သို့မဟုတ်) ထိန်းညှိရေးအဖွဲ့ရဲ့ ထပ်မံစမ်းသပ်မှုတွေကို ဓာတ်ပေါင်းဖိုက ဖြတ်သန်းခဲ့ရပါတယ်။

ဒီဇိုင်းရေးဆွဲထားတဲ့ အတိုင်းအတာတွေအတိုင်း နျူကလီးယားကွဲထွက်မှု ကို အောင်မြင်စွာ စတင်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သိပ္ပံနဲ့ နျူကလီးယားနည်းပညာ ဝန်ကြီးဌာန အတွင်းရေးမှူး မိုဟာမက် အန်ဝါ ဟိုစိန် က ပြောကြားခဲ့ကြောင်း Daily Star သတင်းဌာန က ဖော်ပြထားပါတယ်။ လျှပ်စစ်ဓာတ်အား တရားဝင် မထုတ်လုပ်ခင်မှာတော့ ထိန်းညှိရေးအဖွဲ့ရဲ့ ထပ်မံခွင့်ပြုချက်တွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် နျူကလီးယားကုမ္ပဏီ ရိုဆာတွမ် ရဲ့ အမှုဆောင်ချုပ် အလက်ဆေး လီခါချက်ဗ် က ပြီးခဲ့တဲ့သောကြာနေ့က ဒါကာမြို့မှာ ပြောကြားခဲ့ရာမှာတော့ ရူပူ  ဓာတ်အားပေးစက်ရုံရဲ့ ပထမဆုံး ယူနစ်ကို ဒီလကုန်ပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကာမြို့ကနေ ၁၆၀ ကီလိုမီတာခန့်အကွာမှာ တည်ရှိတဲ့ ရူပူစက်ရုံမှာ ရုရှားဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖို နှစ်ခုပါဝင်ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ပမာဏကတော့ ၂,၄၀၀ မီဂါဝတ် ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ခန့်မှန်းခြေ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၂.၈ ဘီလီယံ ရှိတဲ့အထဲက မော်စကိုဘက်က နိုင်ငံတော်ချေးငွေ အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလီယံကို ငွေကြေးထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ် ကြီးမားနေခြင်းနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်နေရချိန်မှာ ဒီစီမံကိန်းက နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ပိုမို ကွဲပြားစုံလင်လာစေဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post