
မြိတ် ၊ အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဆိုင်ရာအတွေ့အကြုံရှင်းလင်းပွဲကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် အောက်တိုဘာ(၁၅)ရက် နံနက်ပိုင်းကကျင်းပပြီး လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒရှင်ပြည်သူများအား လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုက တတိယအကြိမ်တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးလုပ်ငန်းစဉ်များ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်ရေးရာကော်မတီများ ဆောင်ရွက်မှု၊ လွှတ်တော်အစည်းအဝေးမေးမြန်းဖြေကြားချက် ကြယ်ပွင့်ပြမေးခွန်းအပေါ်တွင် ကတိကဝတ်မြောက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းများအမြန်ပြီးပြတ်အောင် ကြပ်မတ်ပေးပါရန်နှင့် အချိန် နှင့်တစ်ပြေးညီ ပြည်သူများအားပြန်ကြားပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးပါရန်တို့အား အကြံပြုထားရှိပါကြောင်း၊ရှေ့ဆက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကော်မတီများအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍအလိုက် သက်ဆိုင်ရာ မြို့နယ်အသီးသီးကို မြေပြင်ကွင်းဆင်း လေ့လာခြင်း၊ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ ကော်မတီများ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို လွှတ်တော်သို့ တင်သွင်းခြင်း စသည့် ရေးရာကော်မတီဆိုင်ရာလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ရှေးရှုကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ဆိုင်ရာအတွေ့အကြုံများနှင့် မဲဆန္ဒနယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်ပြည်သူလူထု၏ လိုအပ်ချက်များကို လွှတ်တော်တွင် မေးခွန်းများမေးမြန်းဆောင်ရွက်မှု၊ အဆိုတင်သွင်းခြင်းနှင့် ကတိကဝတ်မြောက်သည့်မေးခွန်းများ၊ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒေသခံပြည်သူများက ဆွေးနွေးမေးမြန်းရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost