
အမေရိကန်ရေတပ်လေယာဉ်တင် သင်္ဘောပါသော တိုက်ခိုက်ရေးသင်္ဘောအုပ်စုက ရေတပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒရုန်းသင်္ဘောကြီးတစ်စင်းကိုဖြန့်ကြက်လိုက်ပြီဟု သိရသည်။
ယာယီရေတပ်ဝန်ကြီး ဟန်ကာအိုက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ရာ၌ သီရိုဒိုရုစဗဲ့လေယာဉ်တင်သင်္ဘောပါဝင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စုနှင့်အတူ ထိုဒရုန်းသင်္ဘော ကို ဖြန့်ကြက်လိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
အဆိုပါလေယာဉ်တင်သင်္ဘောသည် မကြာသေးမီက ဆန်တီယေဂိုရှိဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မောင်းသူမဲ့ရေပြင်သွားသင်္ဘော သို့မဟုတ် USV လည်းပါလာသည်ဟု ယာယီရေတပ်ဝန်ကြီးက ပြောကြားခဲ့သည်။
"ဒါဟာ အကြီးစားမောင်းသူမဲ့ဒရုန်းသင်္ဘောနဲ့အတူ လေယာဉ်တင်သင်္ဘောပါတဲ့တိုက်ခိုက်ရေး သင်္ဘောအုပ်စုကို ဖြန့်ကြက်တာဖြစ်ပါတယ်။ ဒါဟာ အင်အားဆတိုးပွားမှုဖြစ်ပါတယ်"ဟုကာအိုက ဝါရှင်တန်တွင် ကျင်းပသည့် အမေရိကန်စစ်တပ်အစည်းအရုံး၏ နှစ်ပတ်လည်အစည်း အဝေးနှင့် ပြပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်က ဒေါ်လာဘီလျံချီတန်ကြေးရှိသောစစ်သင်္ဘောများကို ဒရုန်းသင်္ဘောများနှင့်အတူ ပေါင်းစပ်ပြီး ရေကြောင်းစစ်ဆင်ရေးများ လုပ်နေပြီဖြစ်သောကြောင့် အမေရိကန်သည် ရေတပ်ဒရုန်းများနှင့်အခြား အလိုအလျောက်မောင်းနှင်သောသင်္ဘောများကို ပေါင်းစပ်ခြင်းများပိုမိုလုပ်ဆောင်ခဲ့သည်။
အမေရိကန်၏နေတိုးမဟာမိတ်အချို့ကလည်း အလားတူ လုပ်ဆောင်နေသည်။
စပိဘုတ်ပုံစံပင်လယ်ရေပြင်သုံး အငယ်စားဒရုန်းများသည် လွန်ခဲ့သောနှစ်များတွင် ကမ္ဘာတစ်ဝန်း ပဋိပက္ခများတွင် အရေးပါသောကဏ္ဍမှပါဝင်လာခဲ့သည်။
ဥပမာ ယူကရိန်းသည် ပင်လယ်နက်တွင် ရုရှားရေတပ်ကို တိုက်ခိုက်ရာတွင် ဖောက်ခွဲရေးပစ္စည်း အပြည့်တင်ထားသော ပင်လယ်ပြင်သုံးဒရုန်းများကို အသုံးပြုခဲ့သည်။
Ref: Business Insider