Eleven Media Group

အာကာသပြတိုက်(ရန်ကုန်)သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်

အာကာသပြတိုက်(ရန်ကုန်)သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အာကာသပြတိုက် (ရန်ကုန်) တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က လှူဒါန်းသည့် ပစ္စည်းများအကြောင်းကို ရှင်းလင်းတင်ပြကာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က အာကာသပြတိုက် (ရန်ကုန်)သို့ လှူဒါန်းသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လက်ခံရယူသည်။ ထို့နောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် က ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က လက်ခံရယူခဲ့ကြောင်း သိရသည်။ ယင်းနောက်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက လှူဒါန်းသည့်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

အိန္ဒိယနိုင်ငံ၏ အာကာသစူးစမ်းရှာဖွေရေးလုပ်ငန်းများ၊ ဂြိုဟ်တုများနှင့် ဂြိုဟ်တုလွှတ်တင်ရေးယာဉ်များ၏ ပုံစံငယ်များ (display models)ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group