
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ ၂၀၂၆ ခုနှစ် (၁၃၈၈ ခုနှစ်) ဗုဒ္ဓပူဇနိယပွဲတော်ကြီးသို့ လေးပြင်လေးရပ်မှ ဘုရားဖူးလာသူများနှင့် ပွဲဈေးတန်းလျှောက်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ပေါ်ရှိ ဘုရားပွဲတော်များအနက် ကျင်းပချိန် အကြာဆုံးဖြစ်သည့် အဆိုပါ ကျောက်တော်ကြီးဘုရားပွဲ တော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ စည်းကားသိုက်မြိုက် စွာ ကျင်းပလေ့ရှိကြောင်း သိရှိရသည်။
ယခုနှစ်တွင်လည်း ပွဲတော်မစမီ ရက်ပိုင်းကတည်းကပင် လေးပြင်လေးရပ်မှ ဈေးသည်များနှင့် ဘုရားဖူးပြည် သူများ စတင်ရောက်ရှိနေကြပြီး ပွဲတော်ရက်များအတွင်း ညနေပိုင်းအချိန်များတွင် မန္တလေးတောင်ခြေ တစ်ဝိုက်၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
"ဘုရားပွဲတော် မစမီကတည်းက ပိုစည်နေတာပါ။ ညနေပိုင်းဆိုရင် ဘုရားပွဲလာတဲ့သူတွေ အရမ်းများလွန်းလို့ တိုးမပေါက်အောင်ကိုဖြစ်ရတယ်။ လူစည်လွန်းတော့ ဇွတ်တွေတိုးပြီး သွားနေကြရတဲ့အထိပါပဲ" ဟု ဈေးရောင်း ချသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ကျောက်တော်ကြီးဘုရားပွဲတော်သည် မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီး မြတ်စွာဘုရား၊ ပ ဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ (ကုသိုလ်တော်မြတ်စွာဘုရား) နှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားတို့ တပြိုင်နက်တည်း စုပေါင်းကျင်းပသည့် သမိုင်းဝင်ပွဲ တော်ကြီးလည်းဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း ၁၂ ပွဲဈေးသည်အများအပြား လာရောက်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ဘုရားဖူး လာရောက်သူများသည် ယာဉ်များအား သတ်မှတ်နေရာများတွင် စနစ်တကျအပ်နှံကာ လမ်းလျှောက်၍ ဘုရားဖူးမြော်ခြင်း၊ ၁၂ ပွဲဈေးတန်း၌ ဒေသထွက် အစားအသောက်များနှင့် ပစ္စည်းများ ဝယ်ယူစားသောက်ခြင်း၊ ရဟတ်စီးခြင်း၊ ဂိမ်းကစားခြင်း အပါအဝင် အခြားဆော့ကစားစရာများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ ၁၃၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မဟာသံဃာ့ဒါန ဆွမ်းလောင်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်) နံနက်ပိုင်းတွင် လေးပြင်လေး ရပ်မှ ပင့်သံဃာတော် (၂,၅ရဝ) ပါးအား ဆွမ်းသပိတ်လောင်းလှူမည်ဖြစ်ပြီး၊ မွန်းလွဲ ၁ နာရီအချိန်တွင် သီလရှင်ဆရာကြီး/ဆရာလေး အပါး (၂,၅ရဝ) ပါးတို့အား ဆွမ်းဆန်စိမ်း ဆက်ကပ်လောင်း လှူသွားမည် ဖြစ်ကြောင်း သိရသည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရားသည် မတ္တရာမြို့အနီး စကျင်တောင်မှ တစ်လုံးတည်းသော ကျောက်သားကို ထုလုပ်ထားခြင်းဖြစ်ပြီး အေဒီ ၁၈၆၄ ခုနှစ်တွင် စကျင်တောင်မှ မန္တလေးသို့ သယ်ယူစေခဲ့ကာ ၁၈၆၅ ခုနှစ်၊ မေလ ၁၆ ရက် (မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက်) တွင် မျက်နှာ တော်ဖွင့် ပူဇော်ခဲ့ခြင်းဖြစ်သည်။ ဘုရားကြီး၏ အလေးချိန်မှာ ၅,၅၂၁,၂၅၀ ပိဿာ ("မန်းမြတ်ကျော်ဦး ကျော်မြတ်ထူး ထူးကိုယ်ပယ်ထုတ်ဂဏန်းလုပ်") ရှိပြီး ဂန္ဓကုဋိတိုက်မှာ ညောင်ရမ်းစော်ဘွားကြီး၏ ကောင်းမှုဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။
သတင်းနှင့် ဓာတ်ပုံ - သက်ထွန်းအောင်