
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့ ကံသာရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် အောက်တိုဘာ ၁၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၁၇ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ညောင်ရွှေမြို့ ကံသာရပ်ကွက် တိန်နန်းတံတားအနီးရှိ View Point Hotel ၁၈×၁၅×၁၂ ပေ ဘန်ဂလိုတွင် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်မီငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုမီးလောင်မှုဖြစ်ပွားရာသို့ ညောင်ရွှေမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ၊ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထိုမီးလောင်ခြင်းကြောင့် ၁၈×၁၅×၁၂ ပေ ဘန်ဂလို သွပ်မိုး၊ အုတ်ကာ နံကပ် တစ်ထပ် အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်
ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။
.မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းမှာ View Point Hotel ဘန်ဂလို၏ မျက်နှာကြက်တွင် တပ်ဆင်အသုံးပြုထားသည့် လျှပ်စစ်ပန်ကာ မော်တာကွိုင် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားကာ ပျံ့နှံ့ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ View Point Hotel ဟိုတယ်မန်နေဂျာအား ညောင်ရွှေမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။