
ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ လူတစ်ဦးခုန်ချမှု အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါ ခုန်ချခဲ့သူအား အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည် ။
အဆိုပါ ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းပေါ်မှ လူတစ်ဦးခုန်ချသည့်ဖြစ်စဉ်အား ကယ်ဆယ်ရေး ထွက်ခွာဆောင်ရွက်ခဲ့သည့် ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ် တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက "တံတားရဲ့ စစ်ကိုင်းဘက်ခြမ်း စ စချင်းနေရာလောက်ကနေ ခုန်ချသွားတာ ။ အချိန်က ညနေ ၆ နာရီ ၁၅ မိနစ်လောက်ပဲ ။ အဲ့ဒီမှာ သူက အောက်ကို ကျကျပြီးခြင်း ကယ်ပါ ကယ်ပါ ဆိုပြီး အော်လို့ အနီးအနားက ရေချိုးတဲ့သူတွေက ဝိုင်းဆယ်ပေးထားကြတာ ။ ရေထဲက ဆယ်ယူပြီးတဲ့အချိန်တုန်းက သတိလစ်နေတာပါ ။ ခုတော့ သတိပြန်ရနေပြီ ။ ကျတဲ့ဒဏ်ကြောင့် ခြေထောက်နည်းနည်း နာတာလောက်ပဲဖြစ်ပြီး ဆေးရုံပို့ ဓာတ်မှန်ရိုက် ၊ လိုအပ်တဲ့ ကုသမှုတွေ လုပ်ပြီး အိမ်ပြန်ပို့ပေးထားပါပြီ " ဟု ပြောကြားခဲ့သည် ။
ယင်းသို့ ခုန်ချသူမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဧရာဝတီတံတား(ရတနာပုံ) တည်ရှိရာ တကောင်းရပ်ကွက်မှ ဖြစ်ကြောင်း သိရှိရသည် ။