
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့် ၅၈ မြို့နယ် အနက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် သုံးမြို့နယ်မှအပ ကျန် ၅၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးအား အောက်တိုဘာ ၁၈ ရက်မှစ၍ ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ကြောင်း နိုင်ငံတော်သမ္မတရုံးကအမိန့်များ ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတရုံးက ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ဆက်လက် အတည်ဖြစ်ကြောင်း ကြေညာသည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၃/၂၀၂၆ ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့နယ်များအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ ကျန်မြို့နယ်များအတွက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့၏ သဘောတူညီမှုဖြင့် ယင်းအမိန့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) အရ ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ ဆက်လက်အတည်ဖြစ်ကြောင်း ကြေညာကြောင်း ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၇/၂၀၂၆ ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
ထိုသို့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၇/၂ဝ၂၆) ဖြင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက် ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်ကြောင်းနှင့် ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံးက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၄/၂၀၂၆ သည် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါ မြို့နယ်တို့မှအပ ဆက်လက်အတည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၅/၂၀၂၆ ကိုထုတ်ပြန်သည်။
မြို့နယ်ပေါင်း ၆၀ တွင် အရေးပေါ်အခြေအနေကြေညာခြင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အမှတ်(၁/၂၀၂၆)ဖြင့် ထုတ်ပြနခဲ့သည်။
ထို့နောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှအပ ကျန် ၅၈ မြို့နယ်တွင် အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်အား ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ခြင်းများကို လွှတ်တော်သို့တင်ပြခဲ့ရာ ဇူလိုင် ၂၁ ရက်တွင် ကျင်းပည့် ပြည်ထောင်လွှတ်တော်တွင် အတည်ပြုခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံး အမိန့်များဆက်လက် ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံ၍ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ၅၅ မြို့နယ်တွင် အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်အား ရက်ပေါင်း ၉၀ တိုးမြှင့်ခြင်းကို အမိန့်များထုတ်ပြန်ခြင်းဖြစ်သည်။
ယခုသက်တမ်းတိုးမြှင့်သည့် မြို့နယ် ၅၅ မြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များ ပါဝင်ကြောင်း သိရသည်။