Eleven Media Group

ညောင်ရွှေ ကြွရက်တွင် အင်းသားရိုးရာ လှေပြိုင်ပွဲ ကျင်းပပြုလုပ်

ညောင်ရွှေ ကြွရက်တွင် အောက်တိုဘာလ ၁၈ ရက်က အင်းသားရိုးရာလှေပြိုင်ပွဲကျင်းပပြုလုပ်ကြောင်း လှေပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်တွင် ပထမအကြိမ် ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ခဲ့ကာ၊ အောက်တိုဘာ ၁၈ ရက် ညောင်ရွှေ ဘုရားရောက်သောရက်တွင် ဗိုလ်လုပွဲကို ဆက်လက်ကျင်းပခဲ့ကာ ဆုပေးပွဲကိုလည်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

"ရာကျော်လှေ က ကေလာအသင်း၊ အမျိုးသား ၄၆ တက် က ဝမ်းဘဲအင်း၊ အမျိုးသမီး ၂၆ တက်က ကေလာ ၊ ကျောင်းသားအသင်းက အိမ်ထောင့်ကြီး တစ်ဦးချင်းမှာလည်း အိမ်ထောင့်ကြီးအသင်းတို့ ပထမဆုကို ရရှိခဲ့ပါတယ်"ဟု အင်းသားရိုးရာလှေပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးတင်အောင်က ဆိုသည်။

အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း အင်းသား ရိုးရာ လှေပြိုင်ပွဲကို ၂ ကြိမ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဖောင်တော်ဦးဘုရားပွဲကျင်းပရေး ကော်မတီ၊ အင်းသား ရိုးရာ လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးတင်အောင်က ဆိုသည်။

အင်းသားရိုးရာ လှေပြိုင်ပွဲသည် ညောင်ရွှေ ပွဲတွင် တစ်ကြိမ်၊ သာလေး ကျေးရွာအုပ်စု နမ့်ဟူး ကျောင်းတော်ဝင်ပွဲတွင် တစ်ကြိမ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအတွင်းမှာပင် တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပလေ့ရှိကြောင်း ဦးတင်အောင် က ဆိုသည်။

ညောင်ရွှေ သီတင်းကျွတ် ဘုရားပွဲတော်တွင် အမျိုးသား ရာကျော်လှေ ပြိုင်ပွဲ၊ အမျိုးသား ၄၆ တက် ပြိုင်ပွဲ၊ အမျိုးသမီး ၂၆ တက် ပြိုင်ပွဲ၊ ကျောင်းသား လူငယ် ပြိုင်ပွဲ နှင့် တစ်ဦးချင်း ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲ အမျိုးအစား ၅ မျိုး ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ရာကျော်လှေ ပြိုင်ပွဲ တွင် အသင်း ၁၆ သင်း ၊ အမျိုးသား ၄၆ တက် ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် ၈ သင်း၊ အမျိုးသမီး ၂၆ တက် ပြိုင်ပွဲ ၂ သင်း ၊ ကျောင်းသား လူငယ် ပြိုင်ပွဲ ၂ သင်း နှင့် တစ်ဦးချင်း ပြိုင်ပွဲ တွင် ၄ ဦး တို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပထမတစ်ကြိမ် အင်းသားရိုးရာ လှေပြိုင်ပွဲကို အောက်တိုဘာလ ၁၆ ရက် တွင် အင်းလယ် ဗိုလ်တဲ (ရေလယ်ရိပ်သာ) ၌ ပြိုင်ပွဲယှဉ်ပြိုင်ခြင်း တစ်ကြိမ် ၊ ဘုရား ညောင်ရွှေ ရောက်သော ရက် ဖြစ်သော အောက်တိုဘာလ ၁၈ ရက် တွင် နမ့်ဟူး ကျေးရွာတွင် ပြိုင်ပွဲယှဉ်ပြိုင်ခြင်း တစ်ကြိမ် နှစ်ရက် တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အင်းသားရိုးရာ လှေပြိုင်ပွဲ ကို အောက်တိုဘာလ ၂၉ ရက် ၊ သီတင်းကျွတ် လပြည့်ကျော် ၃ ရက် ဖောင်တော်ဦးဘုရားကျောင်းတော်ဝင်ပွဲတွင် ဗိုလ်လုပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်တွင် အမျိုးသား ရာကျော်လှေ ၁၆ သင်း ကို ၂ သင်းစီ အဆင့်ဆင့် ပြိုင်ရာ မှ အကြိုဗိုလ်လုပွဲအတွက် ၄ သင်း ကျန်တဲ့ အထိ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသား ၄၆ တက် အသင်း ကလည်း အလားတူ အကြို ဗိုလ်လုပွဲအတွက် ၄ သင်း ကျန်တဲ့အထိ အဆင့်ဆင့် ပါဝင် ယှဉ်ပြိုင်ကြကာ ၊ ညောင်ရွှေ ဘုရားရောက်ရက် သီတင်းကျွတ်လဆန်း ၇ ရက် တွင် ညောင်ရွှေ မြို့ အနောက်ဘက် နမ့်ကတ်ချောင်းအတွင်း ဘုရားကြွတက်ပြီးချိန် ပြိုင်ပွဲများ ကျင်းပသွားမည် ဖြစ်ကာ၊ ဆုပေးပွဲ အခမ်းအနားကိုလည်း ဆက်တိုက် ကျင်းပသွားမည် ဖြစ်ကြောင်း ဦးတင်အောင် က ဆိုသည်။

အမျိုးသား ရာကျော်လှေ ပထမရ အသင်းကို ဆု ဒိုင်းဖလား နှင့် ဆုတော်ငွေ ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ အမျိုးသား ၄၆ တက် အသင်း ပထမဆု ဆု ဒိုင်းဖလား နှင့် ဆုတော်ငွေ ၈ သိန်း၊ ဒုတိယဆု ၇ သိန်း ၊ နှစ်သိမ့်ဆု များကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

"တစ်ဦးချင်း ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းက တော့ အရင်က မရှိပါဘူး။ ကျွန်တော်တို့ အင်းသား လူမျိုးများဟာ လှေတန်းကိုင်ပြီး လှော်ရတဲ့အတွက် လှော်နိုင်တာလို့ တချို့က ဆိုကြပါတယ်။ ဒါကို ဘာမှ မပါဘဲ တစ်ဦးချင်း ၁၆ တောင်လှေ၊ ကတ်လှေ နဲ့ တစ်ဦးချင်း ပြိုင်ပွဲ အလွတ်သဘော မျိုး လှော်ပြတဲ့ သဘောမျိုး ထည့်သွင်းရခြင်း ဖြစ်ပါတယ်။ အင်းသား ရိုးရာ လှေပြိုင်ပွဲဟာ အဲ့ မနက်မှာ လင်းကင်းကနေ ညောင်ရွှေ ကို ဘုရားဆွဲ တဲ့ ရာကျော်လှေ တွေ ရှိပါတယ်။ ရာကျော်လှေ တွေဟာ ဘုရားဆွဲပြီးတာနဲ့ လှေပြိုင်ပွဲကို ဝင်လေ့ ရှိပါတယ်။ အဲဒီကနေ စပြီး အသင်းများလာတဲ့အတွက် ရှေ့ တစ်ရက် အုပ်စုပွဲ ကျင်းပခြင်း ဖြစ်ပါတယ်။ တကယ့် ပြိုင်ပွဲဝင် အစစ်ကတော့ အမျိုးသား ၄၆ တက် နဲ့ အမျိုးသမီး ၂၆ တက် က တကယ့် ပြိုင်လှေ တွေ ဖြစ်ပါတယ်။ ရာကျော်လှေ တွေကတော့ ဘုရားဆွဲလှေ တွေ အဖြစ်သုံးကြပြီးတော့ ဘုရားဆွဲပြီးရင် တစ်သင်းနဲ့တစ်သင်း လှေလှော်ပြိုင်ရင်း နဲ့ ပြိုင်ပွဲ အဖြစ် ထည့်သွင်းလာခြင်း ဖြစ်ပါတယ်။ ဒီလှေလှော်သမားတွေကလည်း ကိုယ့်ရိုးရာ ကို ပြိုင်ပွဲ တစ်ရပ် အနေနဲ့ ကိုယ့်ရိုးရာဓလေ့ ကို ဖော်ထုတ်တဲ့ အနေနဲ့ ပြိုင်ကြခြင်း ဖြစ်ပါတယ်။ ဆုရဲ့ တန်ဖိုးကို အလေးမထားဘဲ ပြိုင်ပွဲမှာ ဝင်ပြိုင်ရတဲ့ ဆိုတဲ့ ဂုဏ် ကို ယူပြီးတော့ အင်းသားမှန်ရင် အနည်းဆုံး တစ်နှစ်မှာ ဘုရား ၃ ကြိမ် လောက် ဘုရားလှေ ဆွဲဖူးရမယ်။ ဝါနီ တစ်စုံတော့ ရှိရမယ်။ လှေပြိုင်ပွဲ လည်း ပြိုင်ဖူးရမယ် ဆိုတဲ့ လူငယ်တွေ ရဲ့ စိတ်ဓါတ်မှာ ကိန်းအောင်းပြီးတော့ ခုလို ပြိုင်ပွဲဝင် အသင်းများ ဟာ များပြားပြီးတော့ ကိုယ့်ရိုးရာ ဓလေ့ ထိန်းသိမ်း စောင့်ရှောက်ပြီးမှ ဒေသ မှာ ရှိတဲ့ ဒေသခံ ရွာသူ ရွာသားများရော ဘုရားဖူးလာတဲ့ ဧည့်ပရိသတ် များအ နေနဲ့ ရော နိုင်ငံတကာ ဧည့်သည် တွေ ကို ရော ကိုယ့်ရဲ့ ရိုးရာ ဓလေ့ကို ဖော်ပြချင်တဲ့ သဘောမျိုးနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီအတွက်လည်း အင်းသား များဟာ ဂုဏ်ယူလေ့ ရှိပါတယ်။ တကယ့် ကို ဘုရားကြွတဲ့ ကာလ မှာ မှ ပြိုင်တဲ့ အင်းသား ရိုးရာ လှေပြိုင်ပွဲကို အားလုံး စိတ်ဝင်တစားနဲ့ အားပေးကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်”ဟု အင်းသား ရိုးရာ လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးတင်အောင် က ဆိုသည်။

အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ရာကျော်လှေပြိုင်ပွဲ အသင်း စာရင်း မှာ (၁) အိုင်ထောင့်ကြီး ကျေးရွာ၊ (၂) ရှေ့ဝကြီး ကျေးရွာ၊ (၃) မြောင်းဝကြီး ကျေးရွာ၊ (၄) ရေသာအင်းကျေးရွာ၊ (၅) မင်းချောင်း (ရှေ့) ကျေးရွာ၊ (၆) ကေလာကျေးရွာ (က) ၊ (၇) ကေလာကျေးရွာ (ခ) ၊ (၈) ရွှေပြည်သာ (ထက်) ကျေးရွာ ၊ (၉) ပွဲစားကုန်း ကျေးရွာ၊ (၁၀) မိုင်းသောက်အင်း ကျေးရွာ၊ (၁၁) လယ်သစ် (အောက်) ကျေးရွာ၊ (၁၂) ရွှေပြည်သာ (အောက်) ကျေးရွာ၊ (၁၃) ဇရပ်ကြီး ကျေးရွာ၊ (၁၄) နန်းသဲ ကျေးရွာ၊ (၁၅) ခေါင်တိုင် ကျေးရွာ၊ (၁၆) ရွာကြီးမြောက် ကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

နဂါးမောက် လှေကြီး သည် အင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု နယ်ပယ်တွင်အဓိက ဖောင်တော်ဦး ဘုရားပင့်ဆောင်သည့် အခါတွင် ဆွဲလှေ အဖြစ် လူပေါင်း ရာကျော် လှော်ခတ်ပင့်ဆောင်ခြင်း နှင့် အင်းသားရိုးရာ ယဉ်ကျေးမှု လှေပြိုင်ပွဲတွင် ပြိုင်လှေအဖြစ် လှေကို ခြေဖြင့် လှော်ခတ်ခြင်း တို့ ဖြစ်ကြပြီး အဆိုပါ လှေလှော်ခတ်ရာတွင် လှေလှော်ခတ်သူများသည် မိမိတို့ အင်းသားရိုးရာဝါနီ ရှမ်းဘောင်းဘီ ၊ ပါနီတိုက်ပုံ အကျႌ ဖြင့် ရိုးရာ ယဉ်ကျေးမှု ဝတ်စုံကို တူညီစွာ ဝတ်ဆင်လှော်ခတ်ကြပြီးလျှင် ယဉ်ကျေးမှု အမွေအနှစ်ကို ရှေးယခင်မှ ယနေ့ထက်တိုင် ရေရှည်ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group