Eleven Media Group

ယခုနှစ်ရော်ဘာရာသီအစတွင် မွန်ပြည်နယ်အတွင်း ရော်ဘာတစ်ပေါင်လျှင် ၄၂၀၀ ကျပ်အထိ စျေးရှိ

ယခုနှစ်ရော်ဘာရာသီအစတွင် မွန်ပြည်နယ် ရော်ဘာတစ်ပေါင်လျှင် (၄၂၀၀) ကျပ်အထိ ဈေးကောင်းရနေကြောင်း ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

လတ်တလော မွန်ပြည်နယ် ရော်ဘာဈေးကွက်၌ RSS – 1 မှိုင်းခံပြား တစ်ပေါင်လျှင် (၄၂၀၀) ကျပ်အထိ ပေါက်ဈေးရှိနေသည့်အပြင် RSS – 3 နေလှန်းပြားအဆင့် ရော်ဘာတစ်ပေါင်လျှင် (၃၉၀၀) ကျပ်ဝန်းကျင်အထိ ပေါင်ဈေးရှိနေကြောင်း မုဒုံမြို့နယ်မှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရော်ဘာရာသီအစမှာ ရော်ဘာဈေးကောင်းရတာက ပုံမှန်ဆိုပေမယ့် ဒီနှစ်က ဈေးပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ နေလှန်းပြား အထူးဈေးနှုန်းကလည်း တစ်ပေါင်ကို (၃၂၀၀) လောက်အထိ ဈေးပေါက်နေတယ်” ဟု ပြောကြားသည်။

ရော်ဘာဈေးနှုန်း ဈေးကောင်းရရှိနေသော်လည်း အလုပ်သမားမရှိသည့်အခက်အခဲ၊ စက်သုံးဆီအား မှောင်ခိုဈေးကွက်မှ ဈေးကြီးပေးဝယ်ယူနေရသည့်အခက်အဲများရှိနေသည့်အပြင် နယ်မြေလုံခြုံရေးအခြေအနေကြောင်း ခြံမဖွင့်နိုင်သေးသည့် ရော်ဘာခြံအများအပြားလည်းရှိနေသေးကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရော်ဘာစေးအရည် တစ်ပေါင်လျှင် (၃၈၀၀) ကျပ်မှ (၃၉၀၀) ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
“မနှစ်ရော်ဘာရာသီအစမှာ ရော်ဘာတစ်ပေါင်ကို (၂၅၀၀) ကျပ်ကနေ (၃၀၀၀) ကျပ်အထိပေါင်ဈေးရှိခဲ့ပေမယ့်၊ အခုနှစ်ရာသီအစမှာရော်ဘာတစ်ပေါင်ဈေးနှုန်းက ကျပ် (၄၀၀၀) ကျော်အထိ ဈေးကောင်းရကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အခုနှစ်ရော်ဘာရာသီကို ဖြတ်သန်းကြဖို့က အလုပ်သမားမရှိကြဘူး။ ရော်ဘာထုထ်လုပ်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီကလည်း တရားဝင်ဝယ်ယူခွင့်မရကြဘူး။ ပြင်ပမှောင်ခိုဈေးကွက်ကနေဘဲ တစ်လီတာကို (၉၀၀၀) ကျပ်လောက်ပေးပြီးဝယ်ယူသုံးစွဲနေကြရတော့ အဆင်မပြေကြဘူး” ဟု မော်လမြိုင်မြို့မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထို့အပြင် ဓါတ်မြေဩဇာဈေးနှုန်းနှင့် အက်စစ်ဈေးနှုန်းကြီးမြင့်ကာ ဝယ်ယူရခက်ခဲခြင်း၊ လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာများအားလုံးလည်း ဈေးတက်ကုန်ကြောင်းလည်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက (၅) သိန်းကျော်ရှိသော်လည်း အ လုပ်သမားရှားပါးလာခြင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် ပုံမှန်စိုက်ဧကထက်ဝက်ကျော်လောက်သာ စိုက်ပျိုးနိုင်တော့ကြောင်းနှင့် ရော်ဘာပင်များခုတ်လှဲကာရောင်းချမှုများပိုမိုများလာသည့်အပြင်၊ အိမ်ကွက်ရိုက်ရောင်းလာကြသည့်အတွက်ကြောင့် ရော်ဘာစိုက်ဧကပိုမိုလျော့နည်းလာကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group