Eleven Media Group

ဖြူးမြို့တွင် တောင်ငူမြို့နှင့် ရေတာရှည်မြို့တို့ကဲ့သို့ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြား

ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ထမ်းအိမ်ရာတိုက်အလုံးရေ ၁၀၆ လုံး ဆောက်လုပ်ထားပြီး ဖြူးမြို့နယ်အတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းနိုင်က ဖြူးမြို့တွင် တောင်ငူမြို့နှင့် ရေတာရှည်မြို့တို့ကဲ့သို့ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာနက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိဆောက်လုပ်ထားသည့် ဝန်ထမ်းအိမ်ရာများအနက် ပဲခူးမြို့ရှိ ရှင်စောပုဝန်ထမ်းအိမ်ရာတွင် တိုက် ၂၁ လုံး၊ အခန်း ၄၁၂ ခန်း၊ ဟံသာဝတီဝန်ထမ်းအိမ်ရာတွင် တိုက်သုံးလုံး၊ အခန်း ၂၄ ခန်းနှင့် ဘုရင့်နောင်ဝန်ထမ်းအိမ်ရာတွင် တိုက်ခုနစ်လုံး၊ အခန်း ၁၄၀ ရှိကြောင်း၊ ပြည်မြို့ရှိ ရွှေဟင်္သာဝန်ထမ်းအိမ်ရာတွင် တိုက်အလုံး ၃၀၊ အခန်း ၃၇၆ ခန်း၊ နတ်တလင်းမြို့နှင့် သာယာဝတီမြို့တို့တွင် တိုက်သုံးလုံးစီ၊ အခန်း ၆၀ စီ၊ တောင်ငူမြို့ရှိ ပြည်တော်သာဝန်ထမ်းအိမ်ရာတွင် တိုက် ၂၆ လုံး၊ အခန်း ၃၀၈ ခန်းနှင့် ညောင်လေးပင်မြို့တွင် တိုက်သုံးလုံး၊ အခန်း ၆၀ ရှိကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်။

ထို့ပြင် မြို့နယ်များအလိုက် ဝန်ထမ်းအိမ်ရာများကိုလည်း ဆောက်လုပ်ပေးထားရာ ဝေါမြို့နှင့် ကျောက်တံခါးမြို့တို့တွင် တိုက်တစ်လုံးစီ၊ အခန်း ၂၀ စီ၊ ကဝမြို့တွင် တိုက်တစ်လုံး၊ အခန်း ၁၆ ခန်း၊ ရေတာရှည်မြို့တွင် တိုက်လေးလုံး၊ အခန်း ၈၀ နှင့် မင်းလှမြို့ရှိ ပြည်တော်သာဝန်ထမ်းအိမ်ရာတွင် တိုက်သုံးလုံး၊ အခန်း ၆၀ ရှိကြောင်းနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရာတွင် တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းဦးရေနှင့် အိမ်ရာလိုအပ်ချက်ကို အခြေခံကာ သတ်မှတ်စံနှုန်းများအတိုင်း ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြေကြားခဲ့သည်။ ထို့ကြောင့် ဖြူးမြို့နယ်အတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေမှ နှစ်စဉ်တင်ပြတောင်းခံပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

ပုံစာ တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ ပြည်တော်သာတိုက် (ဝန်ထမ်းအိမ်ရာ) ကို တွေ့ရစဉ်

မူရင်းသတင်း — Eleven Media Group