
SpaceX ကလုပ်ဆောင်နေသောဆက်သွယ်ရေးစနစ်များအပေါ်ကန့်သတ်ချက်မှန်သမျှသည် သမ္မတထံမှလာသည်ဟု နည်းပညာလုပ်ငန်းရှင်ဘီလျံနာအီလွန်မက်စ်ကပြောကြားခဲ့ပြီးနောက် မက်စ်ကယူကရိန်းအတွက် စစ်ဘက်သုံးအင်တာနက်ဝန်ဆောင်မှုဖြစ်သည့် Starshield ၏အင်တာနက်မြန်နှုန်းကို လျှော့ချရန်ညွှန်ကြားခဲ့သည်ဟု အောက်တိုဘာ ၂၀ ရက်တွင် ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။
မက်စ်က ယူကရိန်းစက်ကိရိယာပစ္စည်းများ Starshield အင်တာနက်ကို ချိတ်ဆက်သုံးရာတွင် အင်တာနက်မြန်နှုန်းကို လျှော့ချခဲ့သည်။ ယင်းသို့ အင်တာနက်မြန်နှုန်းကို လျှော့ချလိုက်သောကြောင့် ယူကရိန်း၏ ဒရုန်းအချို့သည် အသုံးပြုမရဖြစ်ကုန်သည်ဟု အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်များ၏ပြောကြားချက်များကို ဝေါစထရိက ကိုးကားဖော်ပြခဲ့သည်။
Starshield အင်တာနက်ကို ထိရောက်စွာအသုံးပြုနိုင်သည့် မြန်နှုန်းများအားတမင်နှေးသွားအောင် ဝါရှင်တန်က လုပ်ဆောင်သည်ဟု ကိယက်ဗ်က စွပ်စွဲခဲ့သည်။ ယူကရိန်း၏ယင်းစွပ်စွဲချက်ကို အမေရိကန်သမ္မတ
ဒေါ်နယ်ထရန့်က လွန်ခဲ့သောအပတ်တွင် ငြင်းဆန်ခဲ့သည်။
Starshield စစ်ဘက်သုံးအင်တာနက်ဝန်ဆောင်မှုတွင် မြန်နှုန်းကို ကန့်သတ်ခြင်းသို့မဟုတ် အသုံးပြုမှုကိုကန့်သတ်ခြင်းတို့အား အမေရိကန်စစ်တပ်နှင့် နောက်ဆုံးတွင် အမေရိကန်သမ္မတတို့က ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မက်စ်က ယခင်ကပြောကြားခဲ့သည်။
အင်တာနက် နှေးသွားအောင်လုပ်ခြင်းကို အမေရိကန်အစိုးရက ကြိုတင်သိရှိထားခြင်းမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
"Starlink(အများသုံးအင်တာနက်ဝန်ဆောင်မှု)၊ Starshield(စက်ဘက်သုံးအင်တာနက်ဝန်ဆောင်မှု)နဲ့ မစ္စတာမက်စ်တို့က ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ သမ္မတနဲ့မဆိုင်ပါဘူး"ဟု မာကိုရူဘီယိုက အိန္ဒိယ ခရီးစဉ်တွင် ပြောကြားခဲ့သည်။
"အဲဒါဟာ ပုဂ္ဂလိကပိုင်ကုမ္ပဏီပါ။ သမ္မတက အဲဒီကုမ္ပဏီကို စီမံခန့်ခွဲနေတာမဟုတ်ပါဘူး။ ကုမ္ပဏီ ဘာလုပ်ပါဆိုပြီးသမ္မတက ညွှန်ကြားလို့မရနိုင်ပါဘူး။ ယူကရိန်းမှာ အင်တာနက်မြန်နှုန်းလျှော့ချပစ်တာကို ကြိုတင်သိထားခြင်းမရှိဘူးလို့ ပြောချင်ပါတယ်"ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရူဘီယိုက ပြောခဲ့သည်။
ပင်တဂွန်ကလည်း Starshield အင်တာနက်ဝန်ဆောင်မှုကို အပြောင်းအလဲများလုပ်ရန်ညွှန်ကြားထားခြင်းမရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
■ Ref:AFP