
အမေရိကန်နိုင်ငံက ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးကတ်စထရိုကို ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် အမေရိကန်၏လုပ်ရပ်သည် ကျူးဘားကိုဖိအားပေးရန် တရားရေးနည်းလမ်းများကို အလွဲသုံးစားပြုခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ဝေဖန်လိုက်သည်။ ထို့ပြင် ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံးရပ်တန့်ရန်လည်း အမေရိကန်ကို တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်းနင်က ပေကျင်းမြို့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရာအူးကတ်စထရိုသည် ကျူးဘားပြည်သူများ လေးစားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံတကာတွင်လည်း လေးစားခံရသူဖြစ်ကြောင်း ၊ ကျူးဘားသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အမေရိကန်၏လုပ်ရပ်ကို စက်ဆုပ်ဖွယ် နိုင်ငံရေးပြဇာတ်တစ်ခုအဖြစ် ရှုတ်ချထားသည်ကိုလည်း တရုတ်ဘက်က သိရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။
“တရားရေးနည်းလမ်းတွေကို အလွဲသုံးစားလုပ်ပြီး ကျူးဘားအပေါ် ဖိအားပေးတာကို တရုတ်နိုင်ငံက ဆန့်ကျင်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေကို တားဆီးဖို့ ကျူးဘားရဲ့ ကြိုးပမ်းမှုတွေကို တရုတ်က အခိုင်အမာထောက်ခံပါတယ်” ဟုလည်း ၎င်းကပြောသည်။
ဆက်လက်ပြီး အမေရိကန်အနေဖြင့် ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုများနှင့် ဖိအားပေးသည့် အစီအမံများကို ချက်ချင်းရပ်တန့်ရန် ၊ ကျူးဘားပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်တို့ကို ထိခိုက်စေသည့် လုပ်ရပ်များကို ရပ်ဆိုင်းရန် ၎င်းကတိုက်တွန်းခဲ့သည်။
အမေရိကန်၏ ယခုလုပ်ရပ်သည် ၁၉၉၆ ခုနှစ်အတွင်း ကျူးဘားပြည်ပြေးများ ဖွဲ့စည်းထားသည့် Brothers to the Rescue အဖွဲ့ပိုင် အရပ်ဘက်လေယာဉ်နှစ်စင်း ပစ်ချခံခဲ့ရသည့် ဖြစ်စဉ်နှင့် ဆက်စပ်နေသည်။ မိုင်ယာမီအခြေစိုက် အဆိုပါအဖွဲ့၏ လေယာဉ်များ ပစ်ချခံရမှုကြောင့် လူလေးဦး သေဆုံးခဲ့သည်။
ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ် ဂျိမ်းစ် အူမိုင်ယာက ကတ်စထရိုအား လူသတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ထားပြီး ဖလော်ရီဒါပြည်နယ် တရားရုံးက အသက် ၉၅ နှစ်အရွယ်ရှိ ကတ်စထရိုကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
ကတ်စထရိုသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကျူးဘားနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်ဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်ဖက်ဒရယ် အာဏာပိုင်များကလည်း ပြီးခဲ့သည့်မေတွင် ကတ်စထရိုအား စွဲချက်တင်ထားသေးသည်။
Ref: Anadolu Agency