
■ တစ်နှစ် တစ်နှစ် ဘတ်ဂျက်တောင်းခံရင်း ဇီးသီးဗန်းမှောက် ဝိုင်းကောက်သလို မဖြစ်စေဖို့လိုဟု ဆို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများက ရုံးသုံးပစ္စည်းအချို့ ဝယ်ယူရာတွင် ဈေးနှုန်းသတ်မှတ်ချက် တညီတည်း တောင်းခံထားပြီး ဌာနအားလုံး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး၍ ဘတ်ဂျက်တင်တောင်းခြင်းလားဟု သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေးခွန်းထုတ်သည်။
ယနေ့ (အောက်တိုဘာ ၂၁ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း (လျာထားချက်) အား ဆွေးနွေးရာ၌ သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ထိုသို့ မေးခွန်းထုတ်ခြင်းဖြစ်သည်။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့်မှန်းခြေစာရင်း (လျာထားချက်) တွင် ကွန်ပျူတာတစ်လုံး သိန်း ၈၀၊ Laptop တစ်လုံး သိန်း ၈၀၊ သံဗီဒိုတစ်လုံး ၁၀ သိန်း၊ မိတ္တူကူးစက်တစ်လုံး သိန်း ၁၉၀၊ ကုလားထိုင်တစ်လုံး လေးသိန်းနှင့် အခြားရုံးသုံးပစ္စည်းအချို့ကို ဌာနအားလုံးက ဈေးနှုန်းသတ်မှတ်ချက် တညီတည်း တောင်းခံထားသည်ကို ထူးခြားစွာ တွေ့ရှိရကြောင်း သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
"ဌာနတွေအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စုပေါင်းဆွေးနွေးပြီး ဘတ်ဂျက်တင်တောင်းကြတာလား၊ တစ်ဦးတစ်ယောက်က ဈေးနှုန်းတွေ သတ်မှတ်ပြီး တူညီစွာ ဘတ်ဂျက်တောင်းကြတာလားကိုတော့ စတင်စဉ်းစားမိပါတယ်။ တကယ်တော့ ဌာနတစ်ခုနဲ့ တစ်ခု အသုံးပြုစာရိတ်က မတူညီနိုင်ပါဘူး"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
"အထူးပြုစေလိုတာကတော့ ဘတ်ဂျက် တစ်နှစ်တစ်နှစ် တောင်းခံရင်း ဇီးသီးဗန်းမှောက် ဝိုင်းကောက်သလို မဖြစ်ဖို့တော့ လိုအပ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့်မှန်းခြေစာရင်း (လျာထားချက်) တွင် သုခဒဂုံအိမ်ရာဝင်းအတွင်း ပန်းခြံမြေနေရာ သဲဖြည့်ခြင်းအတွက် ကျပ်သန်း ၁၁၈၃ ဒသမ ၃၅၀ ကုန်ကျခြင်းသည် များပြားလွန်းသည့်အတွက် အသေးစိတ် ပြန်လည်စစ်ဆေးသင့်ကြောင်း ၎င်းက အကြံပြုဆွေးနွေးသည်။
ထို့ပြင် မော်တော်ယာဉ်များ အကြီးစားပြင်ဆင်ခြင်းအတွက် သန်လျင်စည်ပင်မှ နှစ်စီး၊ သုံးခွစည်ပင်မှ တစ်စီး၊ ခရမ်းစည်ပင်မှ ငါးစီး၊ ကွမ်းခြံကုန်းစည်ပင်မှ သုံးစီး၊ တိုက်ကြီးစည်ပင်မှ သုံးစီးတို့အတွက် ပြင်ဆင်စရိတ် တစ်စီးလျှင် ကျပ်သိန်း ၂၀၀ ညီညီညွတ်ညွတ်ဖြင့် တူညီစွာ တောင်းခံထားသည်ကိုလည်း ထူးခြားစွာ တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။
"ဖြစ်နိုင်ခြေရှိ မရှိကို ပြန်လည်စစ်ဆေးဆောင်ရွက်ပြီး တစ်စီးလျှင် သိန်း ၁၅၀ ခန့်သာ ပေးသင့်ပါတယ်။ ဌာနဆိုင်ရာအသီးသီး၏ မော်တော်ယာဉ်ပြင်ဆင်စရိတ်များမှာ လွန်ကဲစွာ တင်ပြတောင်းခံထားကြတာကို တွေ့ရှိရပါတယ်"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနက မြေကွက်ရောင်းချရငွေ ကျပ်သန်း ၅၄၀၀၀ လျာထားခြင်းနှင့်ပတ်သက်၍ မည်သည့်နေရာမှ မြေကွက်၊ မြေကွက်အကျယ်၊ ရောင်းချမည့်ဈေးနှုန်း၊ မည်သူများကို မည်သည့်အချိန် ရောင်းချမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ထောက်ပြခဲ့ကြသည်။
#elevennews #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့#သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး