
ကိုဗစ်ကာလ ဗဟိုဘဏ်ကြေညာချက်အမိန့်များကို တရားသေသတ်မှတ်ပြီး တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့် ရငွေဖော်ပြတွက်ချက် လျာထားခြင်းကြောင့် နစ်နာဆုံးရှုံးရမည်ဖြစ်ပြီး ဥပဒေပြဌာန်းချက်ကို လွှမ်းမိုးသကဲ့သို့ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ သာကေတမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ဦးလှဝင်းမောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း (လျာထားချက်) နှင့်ပတ်သက်ပြီး အောက်တိုဘာ ၂၁ ရက်ကပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ပ ဉ္စမနေ့ အစီအစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးရာ အထက်ပါအတိုင်းဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။
"ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပြီးဖြစ်ကြောင်း နိုင်ငံတော်မှ ကြေညာပြီးဖြစ်သည့်အလျှောက် ၂၀၂၂ ခုနှစ် ဗစ်ကာလဗဟိုဘဏ် ကြေညာချက် အမိန့်များကို တရားသေသတ်မှတ်ပြီး တစ်ဒေါ်လာ၊ ၂၁၀၀ ကျပ်ဖြင့် ရငွေဖော်ပြ တွက်ချက်လျာထားသောကြောင့် နိုင်ငံတော်အတွက် ၊ရန်ကုန်တိုင်းဒေသကြီးအတွက် များစွာ နစ်နာဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက်ကို ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာနှင့် မေတ္တာရပ်ခံချက်က လွှမ်းမိုးသကဲ့သို့ဖြစ်နေပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား"ဟု ဦးလှဝင်းမောင်က ပြောကြားသည်။
ဆက်လက်ပြီး၎င်းက"ရန်ကုန်မြို့တော် ရာပြတ်ဌာနနှင့် အခွန်စည်းကြပ်သည့် ဌာနများသည် ရရှိလာသည့် နိုင်ငံခြားငွေ အခွန်ငွေကို ဥပဒေပုဒ်မ-၃၀၆၊အပိုဒ်(င)အရ နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိပြီး ထိုဘဏ်စာရင်းသို့ ပေးသွင်းရမည်ဟု ဖော်ပြထားသော်လည်း နိုင်ငံခြားငွေ သီးခြားဘဏ်စာရင်း ဖွင့်လှစ်ပြီး ထိုဘဏ်စာရင်းသို့ ပေးသွင်း ဖော်ပြထားခြင်း မရှိသလို ရငွေပစ္စည်းခွန်စည်းကြပ်ရာတွင် ဗဟိုဘဏ်၏သတ်မှတ်ချက်အမိန့်ကြော်ငြာစာနှင့် မေတ္တာရပ်ခံချက်အရဟုဖြင့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် အခွန်ကောက် ရငွေ လျာထားချက် ကျပ်သန်းပေါင်း ၁၀၆၄၆၈ ဒသမ ၉၈၂ တွင် အိုဝမ်းအိုဖိုးငွေစာရင်းခေါင်းစဉ်ဖြင့် နိုင်ငံခြားငွေဖြင့်စည်းကြပ်ပစ္စည်းခွန်(မြန်မာကျပ်ငွေသင့်တန်ဖိုး) ကျပ်သန်းပေါင်း ၉၆၇၅ သန်းကို ထည့်သွင်းဖော်ပြထားပါတယ်ခင်ဗျား"ဟု ပြောကြားသည်။
ထို့ပြင် ရာပြတ်ဌာနမှ ကျပ်သန်းပေါင်း ၉၆၇၅ သန်းအား တစ်ဒေါ်လာ ၂၁၀၀ ကျပ်(ဗဟိုဘဏ်အမိန့်ကြော်ငြာစာနှင့်မေတ္တာရပ်ခံချက်အရ)ဖြင့် တွက်ချက်လျှင် အမေရိကန်ဒေါ်လာ ၄၆၀၇၁၄၂ ဒသမ ၈၅၇ သန်း ရရှိမမည်ဖြစ်ပြီး နေ့စဉ်ကြော်ငြာနေသည့် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ရောင်းဝယ်သည့် ငွေလဲနှုန်း ၃၆၀၀ ကျပ်မှ ၃၆၆၅ ကျပ်ဖြင့် တွက်ချက်ပါက ရငွေပမာဏ နှစ်ဆနီးပါး တိုးလာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
အဆိုပါရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း (လျာထားချက်) နှင့်ပတ်သက်ပြီး အောက်တိုဘာ ၂၁ ရက်ကပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ပ ဉ္စမနေ့ အစီအစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးခဲဲ့ကြသည်။