Eleven Media Group

■ ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခု၏ လုံ/နယ် ဝန်ကြီးနေရာများ အပြောင်းအလဲပြုလုပ်

ပုံစာ▪️ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လက်ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်အား တွေ့ရစဉ်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခု၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာများ အပြောင်းအလဲပြုလုပ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် (၆၅/၂၀၂၆) ဖြင့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦး အစားထိုးပြောင်းလဲကြောင်း ယနေ့ (အောက်တိုဘာ ၂၁ ရက်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုံ/နယ် ဝန်ကြီးနေရာများ အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ခုနစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၁၁-၂-၂၀၂၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃၅/၂၀၂၆) တွင် ဖော်ပြထားသည့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးအား အစားထိုးပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ အစားထိုးပြောင်းလဲမှုအရ ကယားပြည်နယ်လွှတ်တော်မှ ဗိုလ်မှူးကြီး သန်းစိုးအောင် အစား ဗိုလ်မှူးကြီး နောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီး ဝင်းတင်စိုး အစား ဗိုလ်မှူးကြီး မင်းသိန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီး မိုးမင်းသိန်း အစား ဗိုလ်မှူးကြီး နိုင်ဇင်ထွန်း၊ မွန်ပြည်နယ်လွှတ်တော်မှ ဗိုလ်မှူးကြီး ကျော်စွာမြင့် အစား ဗိုလ်မှူးကြီး ရဲထွဋ်၊ ရခိုင်ပြည်နယ်လွှတ်တော်မှ ဗိုလ်မှူးကြီး ကျော်သူရ အစား ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီး ဝင်းတင့် အစား ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မှ ဗိုလ်မှူးကြီး စိန်ဝင်း အစား ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်တို့အား အစားထိုးပြောင်းလဲခဲ့ခြင်းဖြစ်သည်။

အစားထိုးပြောင်းလဲမည့် နေရာများသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာများဖြစ်ပြီး အစားထိုး တာဝန်ယူမည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်‌တော်နှင့် ပြည်နယ်လွှတ်တော်များတွင် မကြာမီ ကတိသစ္စာပြုကြမည်ဖြစ်သည်။ကတိသစ္စာမပြုမီကာလအတွင်း လက်ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group