Eleven Media Group

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်းလျှင် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိုကျပ် ၁၃ သိန်းခွဲသတ်မှတ်

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်းလျှင် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိုကျပ် ၁၃ သိန်းခွဲသတ်မှတ်​​ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ယ​​​နေ့(​အောက်တိုဘာ ၂၁ ရက်)တွင် ထုတ်ပြန်သည်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သောတောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာခြင်းဖြစ်​ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ချက်အရ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်းလျှင် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိုကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်​ကြောင်း၊ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက်တွင် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်​ကြောင်းနှင့် ယခု သတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်​ကြောင်း သိရသည်။

ထို့ပြင် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမား များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ် ရုံးချုပ် ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ သို့ဖြစ်စေ ဆက်သွယ် နိုင်ပါကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group