Eleven Media Group

■ ဘားအံမြို့တွင် သီတင်းကျွတ်လပြည့်နေ့၌ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပမည်

ဘားအံမြို့တွင် လာမည့် အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့) ၌ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း သိရသည်။

ထိုအောက်တိုဘာလ ၂၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) နံနက် ၇ နာရီအချိန်တွင် ဘားအံမြို့ရှိ သီရိကွင်းတွင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မီးပုံးပျံလွှတ်တင်ပူဇော်ပွဲမှာ မီးပုံးပျံအသေးက အလုံး ၂၀၀ နဲ့ မီးပုံးပျံကြီး ၃၂ လုံးကို လွှတ်တင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် သီတင်းကျွတ်လပြည်နေ့ ညနေ ၆ နာရီအချိန်တွင်လည်း ဘားအံမြို့သေဋ္ဌမာရ်အောင်ဘုရားကြီးရင်ပြည်တော်၌ ဆီမီး(၉၀၀၀) ထွန်းညှိပူဇော်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုသီတင်းကျွတ်လပြည့်နေ့၌ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲအား ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းအားဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မိုးရာသီကာလကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းသို့ မြန်မာပြည်အနှံ့မှ ခရီးသွားအများအပြားလာရောက်ခဲ့ကြကြောင်း သိရသည်။

Photo Credit – Tourism Hpa

မူရင်းသတင်း — Eleven Media Group