Eleven Media Group

သောင်ရင်းမြစ်ဖြတ်​ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ဝင်​ရောက်ခဲ့​သော နိုင်ငံခြားသား ၁၁ဦးကို ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့က ဖမ်းဆီး

မြန်မာ -ထိုင်း နယ်စပ်စည်း ခြား ​သောင်ရင်းမြစ် ကို ဖြတ်​ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ ​အောက်တိုဘာလ ၂၃ ရက်က ဝင်ရောက်လာခဲ့​သော နိုင်ငံခြားသား ၁၁ဦးကိုု ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့က ဖမ်းဆီး ခဲ့​ကြောင်းသိရသည်။

ထိုင်းနိုင်ငံ မဲ​ဆောက် မြို့ အထူးတပ်ဖွဲ့မှ စစ်သည်များသည် ​သောင်ရင်းမြစ်ကမ်းစပ်တ​လျှောက်တွင် တရားမဝင်နယ်စပ်ဖြတ်​ကျော် ဝင်​ရောက်ခြင်း၊နယ်စပ်ဖြတ်​ကျော်ရာဇဝတ်မှုခင်းများ မဖြစ်ပွား​စေ​ရေး လုံခြုံ​ေရးဆောင်ရွက်​နေစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက်၊ တပ်ခရိုင် မဲဆောက်၊ တာ့ခ်ပြည်နယ်၌ ရာချမနူ အထူးတပ်ဖွဲ့၊ ခြေလျင်တပ်ခွဲ ၁၄၃၁ မှ တာ့ခ်ပြည်နယ်၊ တပ်ခရိုင် မဲဆောက်၊ တမ်ဘွန် မဲကာဆာ၊ မူ ၁၀၊ ဘန့်မိုင် ရိမ်မဲရွာ၊ ​သောင်ရင်းမြစ် ကမ်းစပ် တွင် နိုင်ငံခြားသားများတွေ့ရှိကြောင်း သတင်းပေးပို့ချက် အရ တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါနေရာအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ပူး​ပေါင်းအဖွဲ့ ၏ စစ်ဆေးမှုအရ နိုင်ငံခြားသား စုစုပေါင်း ၁၁ ဦး (နိုင်ငံသား ၇ မျိုး) ကို တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံသား ၄ ဦး၊အိန္ဒိယနိုင်ငံသား ၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ကင်ညာနိုင်ငံသား အမျိုးသား ၁ ဦး၊ဗီယက်နမ်နိုင်ငံသား အမျိုးသား ၁ ဦး၊အာဖရိကနိုင်ငံသား အမျိုးသား ၁ ဦး တို့ဖြစ်​ကြောင်း သိရသည်။

အထူးတပ်ဖွဲ့မှ စစ်သည်များသည် ၎င်းတို့အား ထိန်းသိမ်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်နိုင်ရန် တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ် (မဲဆောက် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်) သို့ လွှဲပြောင်းပေးအပ်ခဲ့​ကြောင်း ​ဒေသတွင်း သတင်းများအရ သိရသည်။

REF,AEC Thai News

Photo AEC

မူရင်းသတင်း — Eleven Media Group