Eleven Media Group

ပုဂ္ဂလိက ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအတွက် ညွန်ကြားချက် ၄၄ ချက် ထွက်ရှိထားပြီးကန်ထရိုက်တိုက်၊ လုံးချင်းတိုက်များတွင် ဖွင့်လှစ်ခွင့်မပြုခြင်းအပါအဝင် ကစားကွင်း၊ သိပ္ပံခန်း၊ အစိုးရကျောင်းအချင်းချင်းနှင့် ကိုယ်ပိုင်ကျောင်းအချင်းချင်း ကိုက် ၁၀၀၀ အနည်းဆုံး ဝေးကွာရမည့်အချက်များ ပါဝင်

ပုဂ္ဂလိက ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအတွက် ညွန်ကြားချက် ၄၄ ချက် ထွက်ရှိထားပြီး ကန်ထရိုက်တိုက်၊ လုံးချင်းတိုက်များတွင် ဖွင့်လှစ်ခွင့်မပြုခြင်းအပါအဝင် ကစားကွင်း၊ အစိုးရကျောင်းအချင်း ချင်းနှင့် ကိုယ်ပိုင်ကျောင်းအချင်းချင်း ကိုက် ၁၀၀၀ အနည်းဆုံး ဝေးကွာရမည့်အချက်များ ပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အချို့တွင် ပညာရေးနှင့် ပတ်သက်သည့် အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စများနှင့် ပတ်သက်ကာ ပြောဆိုမှုများရှိခဲ့သည်ဟု သိရသည်။

“ညွှန်ကြားချက် ထွက်ထားပါတယ်။ ၄၄ ချက်။ အဲ့ဒီ ၄၄ ချက်ထဲမှာတော့ ကစားကွင်းရှိရမယ်၊ နောက်ပြီးတော့ ပေအကျယ်တွေရှိရမယ်။ ဥပမာ သိပ္ပံခန်းဆိုရင်လည်း ပေအကျယ်တွေ ပါတာပေါ့နော်။ ပြီးတော့ အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းအချင်းချင်း ကိုက် ၁၀၀၀ မက ဝေးရမယ်ပေါ့။ ကိုက် ၁၀၀၀ အတွင်း မရပေါ့။ အဲ့ဒီအချက်တွေပေါ့။ အဲဒါ တရားဝင်ကတော့ ခရိုင်ကနေ စာထွက်တယ်။ ရုံးချုပ်ကနေ တိုင်း၊ တိုင်းက နေ ခရိုင်ပေါ့။ မြို့နယ်ကိုလည်း ပြန်ထွက်တယ်” ဟု ခရိုင်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

ညွှန်ကြားချက်မှာ ပြီးခဲ့သည့် နှစ်ပတ်ခန့်က ထွက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာ ပညာရေး ဌာနများမှတစ်ဆင့် ကိုယ်ပိုင်ကျောင်း၊ ပုဂ္ဂလိကကျောင်းများကို သိရှိရန် အကြောင်းကြားခြင်းများရှိသည်ဟု လည်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

“ ရန်ကုန်မှာ လုံးချင်းတိုက်မှာ ကျောင်းဖွင့်ထားတာတွေရှိတယ်။ တိုက်ခန်းတွေမှာဖွင့်ထားတာတွေ လည်းရှိတော့ စည်းကမ်းအရဆိုရင် လိုင်စင်မရမယ့်ကျောင်း၊ ပိတ်လိုက်ရမယ့်ကျောင်းတွေ တော်တော်များများ ရှိတယ်။ ပြီးတော့ ကိုက် ၁၀၀၀ အတွင်းဆိုရင်လည်း ပါမယ်” ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခင်ကလည်း ပညာရေးဝန်ကြီးဌာနက ၂ဝ၂၆-၂၀၂၇ ပညာ သင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သော ပုဂ္ဂလိကကျောင်းများအား ကျောင်း အင်္ဂါရပ်အဆောက်အအုံနှင့် အကျယ်အဝန်း သတ်မှတ်ချက်များ၊ ဝင်ဆံ့အင်အားအရ ကျော်လွန်လက်ခံထားသော စာသင်ခန်းအရေအတွက် မပြည့်မီသေးသည့် ပုဂ္ဂလိက ကျောင်းများအား ယခု ပညာသင်နှစ်အတွင်း ပြင်ဆင်ချိန် ယာယီတစ်နှစ် သတ်မှတ်ပေး ထားပြီးဖြစ် ကြောင်း၊ ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/ မရှိ ကျောင်းများအား မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးများ၊ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ မှုရှိသည့် ပုဂ္ဂလိက ကျောင်းများကိုသာ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“နောက်နှစ် ကျောင်းလျှောက်မယ်ဆိုရင်တော့ ကြပ်လာမယ့်သဘောမှာရှိတယ်။ အခုပေးထားတဲ့ လက်စတွေကတော့ ဆက်ရှိနေမှာပေါ့။ မှတ်ပုံတင်ကျပြီးသားတွေကတော့ သက်တမ်းကုန်တဲ့အထိပေါ့” ဟု ပညာရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကကျောင်းမှတ်ပုံတင်ခွင့်ပြုပေးရာတွင် ငါးနှစ်၊ နှစ်နှစ် အစရှိသည့် သတ်မှတ်ချက်များရှိပြီး မှတ်ပုံတင်ကို ပြန်လည်သက်တမ်းတိုးရာတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ ထပ်မံစစ်ဆေးပြီး သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နိုင်ငံတကာသင်ရိုးညွန်းတမ်း ဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်း International School ၂၅၂ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုထားသည်။ ဖွင့်လှစ်ခွင့်ပြုထားသည့် International School များမှာ ၂၀၂၄- ၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများအဖြစ် စိစစ်၍ ဖွင့်လှစ်ခွင့်ပြုထားခြင်းလည်းဖြစ်သည်။

ပုဂ္ဂလိက International School များအနက် ရန်ကုန်တွင် ၁၆၁ ကျောင်း ရှိပြီး တစ်ချို့သော ကျောင်း များမှာ နာမည်တစ်ခုတည်းဖြင့်ပင် မြို့နယ်များ၌ ကျောင်းခွဲများ ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် ရန်ကုန် တိုင်းအတွင်းတွင် International School ဖွင့်လှစ်မှု ပမာဏမှာ ကျောင်းပေါင်း ၁၃၀ ကျော်သာ ရှိမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၄၉ ကျောင်း၊ နေပြည်တော်တွင် ခြောက်ကျောင်းနှင့် ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး အစရှိသည့် ဒေသများတွင်လည်း ဖွင့်လှစ်ခွင့်ပြုထားသည်။ ထို့ပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အထိ မြန်မာ နိုင်ငံ တစ်ဝန်းတွင် အမျိုးသားသင်ရိုးညွန်းတမ်းဖြင့် ဖွင့်လှစ်ခွင့်ပေးထားသည့် ပုဂ္ဂလိကအခြေခံပညာ ကျောင်းစုစုပေါင်း ၁၇၄၉ ကျောင်းရှိသည်။ ယင်းတို့အနက် ကျောင်း ၃၆၀ မှာ ယခုနှစ်တွင် အသစ်ဖွင့်လှစ်ခဲ့ သည့် ကျောင်းများလည်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group