
တရုတ်က တရုတ်(တိုင်ပေ)တစ်ဝိုက် စစ်မြေပြင် ပြင်ဆင်မှုနှင့် အနောက်ပစိဖိတ်သို့ စစ်မြေပြင်ချဲ့ထွင်မှုတို့ကို လုပ်ဆောင်ရန် ကမ်းခြေစောင့်သင်္ဘောများနှင့် militia vessels (ပြည်သူ့စစ်သင်္ဘောများ)ကို ပေါင်းစပ်အသုံးပြုနေသည်ဟုတရုတ်(တိုင်ပေ)ကမ်းခြေစောင့်တပ်ကပြောကြားလိုက်ပြီး စစ်ဆင်ရေးများက ဂျပန်နှင့်ဖိလစ်ပိုင်တို့ကိုလည်း ဖိအားသက်ရောက်စေသည်ဟု သတိပေးခဲ့သည်။
သြဂုတ်လအလယ်တုန်းက တရုတ်(တိုင်ပေ)၏ပစိဖိတ်ကမ်းရိုးတန်းအလွန်တွင် တရုတ်ပြည်သူ့ စစ်သင်္ဘောတစ်စင်းကို ပထမဆုံး တွေ့ရခြင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏သီးသန့်သတင်းဖော်ပြမှုနှင့်ပတ်သက်၍ပြန်လည်ဖြေကြားရာတွင် တရုတ်(တိုင်ပေ) ကမ်းခြေစောင့်တပ်က မိမိတို့သည် ထိုသင်္ဘောကို မောင်းထုတ်ရန် ကင်းလှည့်သင်္ဘောတစ်စင်းကို စေလွှတ်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး ပြည်သူ့စစ်သင်္ဘောသည် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်း၊ တရုတ်သုတေသနသင်္ဘောတစ်စင်းတို့နှင့်အတူ ပူးတွဲစစ်ဆင်ရေးလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်(တိုင်ပေ) ကမ်းခြေစောင့်တပ်က ရိုက်တာသတင်းတွင်ဖော်ပြထားသော အသေးစိတ်များကို အတည်ပြုခဲ့ပြီး ပြည်သူ့စစ်ငါးဖမ်းသင်္ဘော(militia fishing boat)ဟုယူဆရသည့် သင်္ဘောသည် Minfudingyu 07902 သင်္ဘောဖြစ်နေကြောင်းဖော်ထုတ်ရရှိသည်ဟု ဆိုသည်။သြဂုတ် ၁၆ ရက်တွင် ထိုသင်္ဘောသည် တရုတ် (တိုင်ပေ)ကန့်သတ်ရေပြင်၏အပြင်ဘက် ရေမိုင် ၂ ဒသမ ၇ မိုင်တွင်ခန့် အထိ နီးကပ်လာခဲ့သည်ဟု ဆိုသည်။
ဂျပန်နှင့် ဖိလစ်ပိုင်တို့က ၎င်းတို့၏သီးသန့်စီးပွားရေးဇုန်များ(EEZs)တွင် ရေကြောင်း နယ်နိမိတ်သတ်မှတ်ရေးနှင့်သက်ဆိုင်သောဆွေးနွေးပွဲများကို ပြုလုပ်မည်ဟု ကြေညာခဲ့ပြီးနောက် တရုတ်က တရုတ် (တိုင်ပေ)၊ ဂျပန်၊ ဖိလစ်ပိုင်တို့ ပါဝင်သော စီးပွားရေးဇုန် နယ်မြေချင်းထပ်နေသောရေပြင်များတွင် ဇွန်လကတည်းက ယင်းသို့သောလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့သည်။
"အဲဒီလို ရှုပ်ထွေးတဲ့ မီးခိုးရောင်နယ်မြေ စစ်ဆင်ရေးတွေဟာ တရုတ်(တိုင်ပေ)၊ ဂျပန်၊ ဖိလစ်ပိုင်တို့အပေါ် ရေကြောင်း စောင့်ကြည့်မှုနဲ့တုံ့ပြန်မှု ဝန်ထုပ်ဝန်ပိုးကို တိုးလာစေရုံသာမက ဒေသတွင်းလုံခြုံရေး ဖိအားကိုလည်း ဖန်းတီးသလိုဖြစ်နေကာ တည်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းစည်းမျဉ်းစည်းကမ်းစနစ်များ (existing international maritime order)ကိုလည်း ထိခိုက်စေနိုင်တယ်"ဟု ရိုက်တာသတင်းဌာနသို့ပေးပို့သည့် ထုတ်ပြန်ချက်တွင် တရုတ်(တိုင်ပေ) ကမ်းခြေ စောင့်တပ်က ဖော်ပြထားသည်။ဖြေကြားပေးရန် ရိုက်တာသတင်းဌာန ၏မေးမြန်းမှုများကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်း ဖြေကြားခြင်း မရှိပေ။ ဂျပန်ကမ်းခြေစောင့်တပ်က ချက်ချင်းဖြေကြားပေးရန် ငြင်းဆန်ခဲ့သည်။
"အဆိုပါ သင်္ဘောများ၏ ချိတ်ဆက်လှုပ်ရှားမှုသည် ပင်လယ်ပြင်တွင် တရုတ်၏ သြဇာအာဏာ တိုးချဲ့ရန်အတွက် တရားဥပဒေစိုးမိုးရေး၊ သိပ္ပံဆိုင်ရာနှင့် အရပ်ဘက် အကာအကွယ်များကို အသုံးပြုသည့် တရုတ်၏ ပိုမိုကျယ်ပြန့် သော 'မီးခိုးရောင်ဇုန် စစ်ဆင်ရေး' ပုံစံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ လှုပ်ရှားမှုများသည် ပေါ်တင်ဖြစ်ပွားသော ပဋိပက္ခ (Open conflict) အဆင့်အထိမရောက်အောင် ထိန်းချုပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း"တရုတ် (တိုင်ပေ) ကမ်းခြေစောင့်တပ်က ဖော်ပြခဲ့သည်။တရုတ်စစ်ဆင်ရေးများက စစ်မြေပြင် ပြင်ဆင်မှုများကို အကူအညီပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
တရုတ်(တိုင်ပေ)၏အရှေ့ကမ်းရိုးတန်းသည် အရေးကြီးသောရေကြောင်းသွားလာမှုနှင့် ကုန်ပစ္စည်းပို့ဆောင်မှုလမ်းကြောင်းဖြစ်သောကြောင့် ထိုလမ်းကြောင်းတွင် စဉ်ဆက်မပြတ်လုပ်ဆောင်နေသော တရုတ်လှုပ်ရှားမှုများက တရုတ်(တိုင်ပေ)အပေါ် လုံခြုံရေးဖိအားများ ထပ်မံမြင့်တက်လာစေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
Ref:Reuters
Reuters photo
■