
မင်္ဂလာတောင်ညွန့်မြို့နယ် လူသတ်မှုဖြစ်စဉ်မှ နှစ်ဦးအား ထပ်မံဖမ်းဆီးရပြီး ဆေးရုံသို့ တင်ပို့ထားသည့် အမျိုးသမီးမှာ ဆေးကုသမှု ဆက်လက်ခံယူလျှက်ကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၂၃ ရက်(ယနေ့)တွင် သေဆုံးခဲ့သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသား၏ နာရေးအား ပြုလုပ်မည်ဖြစ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ စတိုးဆိုင်တစ်ဆိုင်အတွင်းဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ဖြင့် စုစုပေါင်း သုံးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာ ၂၁ ရက်၊ နံနက် ၂ နာရီကျော်ခန့်တွင် လူတစ်စုက မဂ်လာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ ဆိုင်၏ အနောက်ဖက်ပေါက်မှ ဝင်ရောက်ကာ လုယက်မှုကျုးလွန်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စတိုးဆိုင်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကာ အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အခင်းဖြစ်ပွားပြီး မကြာခင် ရပ်ကွက်နေပြည်သူများမှ ကျုးလွန်သည့်အဖွဲ့မှ တစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
■ အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အနီးတွင် အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းက နာရေးပြုလုပ်ရန်ပြင်ဆင်နေစဉ်။