Eleven Media Group

မြဝတီ ​ဒေါန​တောင်​ကျော် အာရှလမ်းသစ် ကွမ်းခြံ​ကွေ့တွင် ယာဉ်နှစ်စီးတိုက်မိပြီး နှစ်ဦး ဒဏ်ရာရရှိ

မြဝတီ-​ကော့ကရိတ် ​ဒေါန​တောင်ကျော် အာရှလမ်းသစ် ကွမ်းခြံကွေ့တွင် ၂၀၂၆ ခုနှစ် ​အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က (၁၂) ဘီးကုန်တင်ယာဉ်နှင့် ဟိုက်ဂျက်ဈေးကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဉ်နှစ်စီးလုံး လမ်းဘေးသို့ ထိုးကျသွားခဲ့ကာ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။

​ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ လာ​သော ၁၂ ဘီး ကုန်တင်ယာဉ်သည် ဘုရား​လေးကုန်းဆင်းမှ ဆင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ မြဝတီဘက်မှလာ​သော ဟိုက်ဂျက် စျေးကားအား တိုက်မိကာ နှစ်စီးစလုံး ​ လမ်း​ဘေးသို့ကျသွား​ကြောင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်ပါ လိုက်ပါ လာသည့် အမျိုးသမီးတစ်ဦးတွင် ဘယ်ဘက်လက်မောင်းအရိုး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဟိုက်ဂျက် ယာဉ်မောင်းမှာလည်း ဦးခေါင်းပေါက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိ သူများကို လိုအပ်သော ရှေးဦးသူနာပြုစုမှုများ အရေးပေါ်

ပြုလုပ်ပေးခဲ့ကာ မြဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း Z.Rescue တာဝန်ခံ ကို​ဇော်က​ ပြောကြားသည်။

​"ကော့ကရိတ်ဘက်က လာတဲ့ ၁၂ ဘီးယာဉ်ကုန်ကားဟာ ဘုရား​လေးကုန်းဆင်းက ဆင်းလာတာ brake ​ပေါက်လာတယ်​ပြောတယ်။ မြဝတီကလာတဲ့ Hijet ​စျေးကားနဲ့တိုက်တာ ၊နှစ်စီးလုံးလမ်း​ဘေး ကျသွားတာ Hijet ယာဉ်​မောင်းနဲ့ အမျိုးသမီးတို့ဒဏ်ရာရတယ်။နှစ်​ယောက်လုံးကို မြဝတီ​ဆေးရုံသို့ ချက်ချင်း ပို့လိုက်ပါ တယ်"ဟု Z.Rescue တာဝန်ခံ ကို​ဇော်က​ ပြောကြားသည်။

မြဝတီ ​ဒေါန​တောင်​ကျော် အာရှလမ်းသစ်သည် ကုန်းတက် ကုန်းဆင်း ၊အ​ကွေ့အ​ကောက်များခြင်း​ကြောင့် အထူးသတိပြု မောင်းနှင်ကြပါရန် လိုအပ်​သည်ဟုဆိုသည်။

မြဝတီတောင်ပေါ်လမ်းပိုင်းတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက အချိန်မရွေး အကူအညီတောင်းခံနိုင်ရန် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (09797119119ကို ဆက်သွယ်နိုင်​ကြောင်းလည်း Z.Rescue တာဝန်ခံ ကို​ဇော်က​ ပြောကြားသည်။

Photo - Z.Rescue

မူရင်းသတင်း — Eleven Media Group