
ထောင်ဒဏ် ရှစ်နှစ်ကျခံနေရသည့် NLD အစိုးရလက်ထက် မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်သည် ယနေ့(အောက်တိုဘာ ၂၃ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဦးဇာနည်အောင်သည် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က)ဖြင့် ထောင်ဒဏ် တစ်နှစ် ၊ တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သဖြင့် နှစ်နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ထပ်မံ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ ၅၅ဖြင့် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခံထားရပြီး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။
" ဦးဇာနည်အောင်ကျခံနေရတဲ့ သူ့ပြစ်ဒဏ်တွေကို နိုင်ငံတော်ကပေးတဲ့လျှော့ပေါ့တွေခံစားခွင့်ရပြီး လွတ်ရက်စေ့လို့ လွတ်တာပါ။ ထပ်မံအမှုဖွင့်တရားစွဲဆိုထားခြင်းလည်းမရှိပါဘူး။ အမှတ်(၉)ရဲစခန်းမှာခေါ်ယူထားတယ်ဆိုတာကလည်း လုပ်ထုံးလုပ်နည်းအရ လုပ်စရာရှိတာတွေလုပ်တာပါ။ အခု သူ့မိသားစုနဲ့လည်းတွေ့နေပါပြီ။ ညနေ အိမ်ပြန်ပါလိမ့်မယ်" ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ဦးဇာနည်အောင်သည် NLD အစိုးရလက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့တာဝန်ထမ်းဆောင်ခဲ့သည့် အစိုးရအဖွဲ့ဝင်များနှင့်အတူ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။