Eleven Media Group

■ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ်  ကိုးကန့်အဖွဲ့(MNDAA)၏ အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများကို ပြင်းထန်စွာကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် ကိုးကန့်အဖွဲ့(MNDAA)၏ အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများအား ပြင်းထန်စွာကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)က ယ​နေ့(​အောက်တိုဘာ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

SSJAC ၏ထုတ်ပြန်ချက်တွင် စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေးယန္တရားကို ယာယီအားဖြင့် အစားထိုးလည်ပတ်ခြင်းကို မိမိတို့အနေဖြင့် နားလည်လက်ခံပေးနိုင်သော်လည်း လက်ရှိမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ အကောင်အထည်ဖော်နေသော လုပ်ရပ်များသည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် ပြင်းထန်စွာ ကန့်ကွက်​ကြောင်း ​ဖော်ပြထားသည်။

MNDAA သည် ဒေသခံအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော၊ အသုံးပြုလေ့မရှိသော ဘာသာ စကားကို ရုံးသုံးဘာသာစကားအပြင်နှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မဖြစ်မနေ အသုံးပြုရန် ဖိအားပေးစေခိုင်းခြင်း၊ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သော ဒေသခံများ၏ တည်ဆဲမြေယာ ပိုင်ဆိုင်မှုစနစ်များကို ဒေသခံလူထု၏ သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ​ဆောင်ရွက်လျက်ရှိ​ကြောင်း SSJAC က ထုတ်ပြန်သည်။

ထို့ပြင် MNDAA က ပြဋ္ဌာန်းလိုက်သော မြေယာဥပဒေ အပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေအရပ်ရပ်သည် နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက် လာနိုင်စေခြင်းနှင့် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်ရရှိစေမည့် တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းလမ်းများ ပေါ်ပေါက်နေစေခြင်း၊ သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် မြို့ရွာအမည်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဆိုင်းဘုတ်အမျိုးမျိုးတို့ကို ဒေသခံများ၏ ယဉ်ကျေးမှုနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသော အမည်နာမ၊ ဘာသာစကားများဖြင့် အတင်းအကျပ် အစားထိုးပြောင်းလဲခြင်းနှင့် ယင်းပါလုပ်ရပ်များကို ငြိမ်းချမ်းစွာ ကန့်ကွက်သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းတို့ကို ​ဆောင်ရွက်လျက်ရှိ​ကြောင်း SSJAC ကဆိုသည်။

အထက်ပါလုပ်ရပ်များကို အမြဲအတည်သဘောဖြင့် အတင်းအကျပ် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားပြီး မိမိတို့ လေးနက်စွာ လက်ခံကျင့်သုံးလျက်ရှိသော "ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ" (Manifesto of Peaceful Coexistence) ကိုသာမက မိမိတို့မျှော်ရည်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံ မူများကိုပါ တိုက်ရိုက် ချိုးဖောက်ရာ ရောက်နေ​ကြောင်း SSJAC ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ယင်းအပြင် ဒေသခံပြည်သူများ၏ မြေယာပိုင်ဆိုင်ခွင့် အပါအဝင် အခြေခံလူ့အခွင့်အရေးများကို ဆိုးရွားစွာထိခိုက်စေပြီး ဒေသတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီနောင်များအကြား နားလည်မှုလွဲမှားခြင်း၊ ယုံကြည်မှု ပျက်ပြားခြင်းနှင့် မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများကို ကြီးထွားလာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေ​ကြောင်း၊ သို့ဖြစ်၍ ဒေသခံလူထု၏ ဆန္ဒနှင့်ဆန့်ကျင်သော အဆိုပါအတင်းအကျပ်ပြောင်းလဲမှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကန့်ကွက်ချက်ကို လျစ်လျူရှု၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေမည်ဆိုပါက ဒေသခံပြည်သူများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အကျိုးစီးပွားနှင့် ရပ်တည်ခွင့်ကို ကာကွယ်ရန်အတွက် မိမိတို့အနေဖြင့် လိုအပ်သော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ ပြန်မှု များကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက် သတိပေးထုတ်ပြန်​​ကြောင်း SSJAC က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group