Eleven Media Group

မော်လမြိုင်မြို့ သာယာရေးရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့၊ သာယာရေးရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ကလေးတစ်ဦးက ခေါက်ဆွဲပြုတ်ထားရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က အဆိုပါ မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ မေတ္တာလမ်းရှိ နေအိမ်တစ်လုံးတွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးက မီးဖိုတွင် ခေါက်ဆွဲပြုတ်ထားရာမှတစ်ဆင့် ထရံသို့ မီးကူးစက်သွားရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကလေးမိခင်က ပန်းရန်သွားလုပ်နေလို့ အိမ်မှာကလူကြီးတွေ မရှိကြဘူးလို့ သိရပါတယ်” ဟု ပြောကြားသည်။

ထိုမီးလောင်မှုအား ပြည်နယ်၊ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မော်လမြိုင်မြို့ပေါ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့ခံ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၁၀ x ၂၀) ပေ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံးမီးလောင်ကာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

အလားတူ အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်ကလည်း ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သတင်းရရှိသည်။

Photo Credit – ကျန်းမာချမ်းသာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့

မူရင်းသတင်း — Eleven Media Group