Eleven Media Group

တိုင်းလိုင်၊ ရှမ်းနီ လူမျိုးအမည်မှန် သတ်မှတ်​ရေးစာ​ပေယဉ်​ကျေးမှုအဖွဲ့နှင့် ကချင်ပြည်နယ်လွှတ်​တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ​တွေ့ဆုံ​ဆွေး​​နွေး

တိုင်းလိုင်၊ ရှမ်းနီလူမျိုးအမည်၏ အမည်မှန်ကို လွှတ်တော်တွင် ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် စာပေယဉ်ကျေးမှုအဖွဲ့များနှင့် ကချင်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတို့ကြား အောက်တိုဘာ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ကျွန်​တော်တို့ဘက်က ရှမ်းနီကို အဓိထားတယ်၊၊ သူတို့ဘက်ကလည်း တိုင်းလိုင်ကို အဓိထားတယ်။ ညှိနေတာ။ကျွန်​တော်တို့ဘက် လည်း အဖက်ဖက်က ပြင်ဆင်ထားတာကိုး” ဟု မိုးညှင်းခရိုင် စာ/ယဉ်ကော်မတီတစ်ဦးက ​ပြောကြားသည်။

လူမျိုးအမည်မှန်ကို ပြောင်းလဲအတည်ပြုပေးနိုင်ရေး ကချင်ပြည်နယ်တွင်ရှိသည့် တိုင်လိုင်၊ တိုင်းနိုင်း(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"၁၉၆၇ ကနေ ၂၀၁၅ အထိက တိုင်းလိုင်၊ တိုင်းနိုင်း(ရှမ်းနီ)စာပေယဉ်ကျေးမှု လုပ်လာကြတာ။တိုင်းလိုင် (ရှမ်းနီ)၊တိုင်းလိုင်/ရှမ်းနီ ဆိုတာကဒီဘက်က လိုက်လျောလို့ရတယ်။ရှမ်းနီ တစ်ခုတည်းကအဆင်မပြေနိုင်ဘူး။ သမိုင်းမရှိတော့ဘူးလေ။ သန်းခေါင်စာရင်း အဆက်ဆက်ကတော့ တိုင်းလျန်ပဲ စာလုံးပေါင်းတယ်။ အဓိပ္ပါယ်က ရှမ်းနီပဲ။ အဲဒါကမြန်မာပြန်ပေါ့။ အဓိက ရှမ်းနာမည်၊ ဗမာနာမည် လုကြတာလို့ ပြောရမှာပေါ့။ သံလမ်းရိုးလည်း ဗမာစကားပြောတဲ့ရှမ်းကများပြီကို။ သမိုင်းကြောင်းပါတဲ့ နာမည်တော့ မဖျောက်အပ်ဘူး ထင်တာပေါ့လေ။ အတည်မပြုနိုင်ခဲ့ ဘူးပေါ့နော်” လို့ မြစ်ကြီးနားမြို့မှ တက်ရောက်ခဲ့သည့် တိုင်းလိုင် ၊တိုင်းနိုင်း(ရှမ်းနီ) စာပေနှင့်ယဉ်‌ကျေးမှု အဖွဲ့ဝင်က ဆိုသည်။

ရှမ်းနီအမျိုးသားညီလာခံက ဆုံးဖြတ်ချက်ဖြစ်သည် “ရှမ်းနီ” ဆိုသည့်အမည်ဖြင့် အတည်ပြုရေးအတွက် အခြားစာပေနဲ့ယဉ်ကျေးမှုကော်မတီတွေက လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က တိုင်းရင်းသား လူမျိုးအမည်မှန်နှင့် စာလုံးပေါင်းသတ်ပုံအမှန်ကို လမ်းညွှန်ချက် ရှစ်ချက်ဖြင့် စုစည်းနေခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင်း ဂျိန်းဖော၊လာချိဒ်/ငေါ့ချမ်း စသည့်တို့မှာ အငြင်းပွားမှုများကြောင့် လွှတ်တော်တွင် တင်ပြ အတည်ပြုမှု ခက်ခဲနေဆဲဖြစ်သည်။

လွန်ခဲ့သည့် အောက်တိုဘာ ၇ ရက်က ကချင်ပြည်နယ်လွှတ်တော်ကနေ လီဆူ၊‌ လော်​ဝေါ်တိုင်းရင်းသား လူမျိုးအမည်မှန် (စာလုံးပေါင်း)ကို အတည်ပြုခဲ့သည်။

ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဟာ ကချင်ပြည်နယ်ထဲက ကချင် (၆)မျိုး၊ ရှမ်း(၅) မျိုးရဲ့ စာပေယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနဲ့ ဆက်တိုက်တွေ့ဆုံမှုများ ရှိနေခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group