
ဟော်မုဇ်ရေလက်ကြားတွင် အီရန်၏တိုက်ခိုက်မှုကြောင့် သို့မဟုတ် ရေမြှုပ်မိုင်းများထိမှန်မှုကြောင့် ရေနံတင်သင်္ဘောခုနစ်စင်း မီးလောင်၊ ပျက်စီးမှုများရှိခဲ့သည်ဟု အီရန်ဘက်က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသတင်းကို အီရန်နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိ၊ မရှိကိုမူ သတင်းတွင်မဖော်ပြခဲ့ပေ။
ထို့ပြင် စီးပွားဖြစ်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်ရန် အမေရိကန်က ဆက်လက်ကူညီပေးနေမည်ဆိုပါက အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ထပ်မံတိုက်ခိုက်သွားမည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်က ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးနိုင်ငံတွင် အောက်တိုဘာရွေးကောက်ပွဲနှင့် အမေရိကန်တွင် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတို့ နီးကပ်လာချိန် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်မည့်အရေးကို စိုးရိမ်မှုများလည်း ရှိနေသည်။
စွန့်စွန့်စားစားဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ဆန္ဒရှိသည့် ရေနံတင်သင်္ဘောများသည် ပင်လယ်ကွေ့ဒေသရှိ ရေနံထုတ်လုပ်သည့်နိုင်ငံများမှ ရေနံများကို ညအချိန်တွင် သယ်ယူပို့ဆောင်နေကြသည်။ ၎င်းသင်္ဘောများက သင်္ဘောတည်နေရာဖော်ပြသည့် စနစ်များနှင့် မိုဘိုင်းဖုန်းများကို ပိတ်ကာ အိုမန်ကမ်းရိုးတန်းအနီးရှိ အမေရိကန်ကာကွယ်ပေးထားသည့် ရေလမ်းကြောင်းကို အသုံးပြုနေကြသည်။
ထိုမှတစ်ဆင့် ရေနံများကို အိုမန်ပင်လယ်ကွေ့အတွင်း စောင့်ဆိုင်းနေသည့် အခြားရေနံတင်သင်္ဘောများထံ လွှဲပြောင်းပေးပြီး အာရှနိုင်ငံများသို့ ဆက်လက်တင်ပို့ကြသည်။
အီရန်စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အောက်တိုဘာတွင် သင်္ဘောများတိုက်ခိုက်ခံရမှု ၂၈ ကြိမ်အထိ ရှိခဲ့ပြီး တိုက်ခိုက်ခံရမှုအများဆုံး,လ ဖြစ်ခဲ့သည်။ သို့သော် ပင်လယ်ကွေ့ဒေသတွင် လုပ်ငန်းလုပ်ကိုင်နေသည့် ရေနံတင်သင်္ဘော လုပ်ငန်းရှင်များသည် လုပ်ငန်းရပ်ဆိုင်းရန် ၊ နောက်ဆုတ်ရန် သိသာထင်ရှားသည့် အရိပ်အယောင်များ မပြသေးပေ။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က စီးပွားဖြစ်သင်္ဘောများကို မည်သည့်အခြေအနေမှာမဆို မတိုက်ခိုက်သင့်ကြောင်း ၊ အမေရိကန်နှင့် အီရန်တို့ သံတမန်ရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း၊ ဒေသတွင်းပြည်သူများနှင့် တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားအတွက် ဟော်မုဇ်ရေလမ်းကြောင်းကို ပြန်ဖွင့်ရန်လိုအပ်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် သတင်းထောက်များကို ပြောသည်။
Ref: AP