
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် လာမည့်အောက်တိုဘာ ၂၇ ရက် (သီတင်းကျွတ်လပြည့်နေ့)၌ မြတ်စွာဘုရားရှင်အား ရည်စူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးပူဇော်ပွဲနှင့်အတူ (၆၅) ကြိမ်မြောက် သံဃာပဝါရဏာပြုပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အစီအစဥ်များအရ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းမှစတင်ကာ ဖိတ်ကြားထားသော ဆရာတော်ကြီးများထံမှ တရားနာကြားခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းစသည့် ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲပိုင်းတွင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဂန္ဓဝင်ကိုးခန်းသိမ်တော်ကြီး၌ သံဃာတော်အပါး ၄၀၀ ကျော်နှင့် သီလရှင်အပါး ၁၀၀ ကျော်တို့က ဝါကျွတ်ပဝါရဏာပြုမည်ဖြစ်ပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို စုပေါင်းလောင်းလှူပူဇော်သွားမည်ဖြစ်သည်။
ယင်းနောက် သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ည ၇ နာရီခန့်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဆီမီးထွန်းညှိရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်နှင့် စနစ်တကျရှိစေရန်အတွက် ယခုနှစ်တွင် ယမန်နှစ်များနှင့် မတူတော့ဘဲ ပိုမိုကောင်းမွန်သည့် ဆီမီးခွက်များနှင့် ဆီမီးဆီများကို စီစဥ်သုံးစွဲသွားမည်ဖြစ်ကြောင်း ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် သံဃာပဝါရဏာပြုပွဲအတွက် ယခင်နှစ်များကဲ့သို့ ဖျော်ဖြေရေးနှင့်ပျော်ပွဲရွှင်အစီအစဥ်များ ပါဝင်မည်မဟုတ်ဘဲ သမိုင်းဝင် ရွှေဆံတော်စေတီတော်ရင်ပြင်တော်တစ်ခုလုံးကို ဆီမီးရောင်စုံများဖြင့်သာ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။