Eleven Media Group

သာစည်မြို့နယ်တွင် ကွမ်းယာဆိုင်ရှင်အမျိုးသမီးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူခဲ့သူအား ကွမ်းယာဖိုးရှင်းပေးခဲ့သည့် Kpay မှတစ်ဆင့်ခြေရာခံဖမ်းဆီးရမိ

သာစည်မြို့နယ်တွင် ကွမ်းယာဆိုင်ရှင်အမျိုးသမီးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူခဲ့သူအမျိုးသားအား ကွမ်းယာဖိုးရှင်းပေးခဲ့သည့် Kpayမှတစ်ဆင့်ခြေရာခံဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း‌ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်အား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားမှု အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွမ်းယာဆိုင်ပိုင်ရှင် မစုမွန်ကျော်အား ကွမ်းယာဝယ်ယူရင်း မျက်မှန်းတန်းမိသူ အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်းထံမှ “ဆိုင်ကယ်ပေးရန်” တောင်းရာ မပေးသဖြင့် ထိုအမျိုးသားက အနီးရှိအုတ်ခဲဖြင့် ဦးခေါင်းနှင့် မျက်နှာအား ထုခြင်း၊ ကွမ်းယာဆိုင်မှ ကတ်ကြေးဖြင့် လက်နှစ်ဖက်အား ထိုးခြင်းများ ပြုလုပ်ပြီး ကွမ်းယာဆိုင် ဘေးတွင် ရပ်ထားသော ဟွန်ဒါကလစ်ဆိုင်ကယ်အား လုယူမောင်းနှင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သာစည်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ပြီး ကျူးလွန်သူကိုဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကျုးလွန်သူသည်

မစုမွန်ကျော်အား ကွမ်းယာဖိုးရှင်းပေးခဲ့သည့် Kpay အကောင့်နံပါတ်မှတစ်ဆင့် ခြေရာခံမိခဲ့ကြောင်း သိရသည်။

"ကွမ်းယာဖိုးနှစ်ထောင်ရှင်းဖို့ ငွေသားမပါတာနဲ့ သူ့မိန်းမ kpay အကောင့်နဲ့ လွှဲခဲ့မိရာကနေ ခြေရာခံပြီး သုံးရက်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်" ဟု ကျုးလွန်သူအား ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျူးလွန်သူ ဟန်လင်းထွန်း (၃ဝနှစ်) အား သက်သေခံဆိုင်ကယ်နှင့်အတူ အောက်တိုဘာ ၂၁ ရက်က မိတ္ထီလာမြို့နယ် ကန်သာယာကျေးရွာရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆိုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရသည်။

ဆိုင်ကယ်လုယူခံရသူ မစုမွန်ကျော်သည် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နားထင်၊ မျက်ခုံးနှစ်ဖက် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ညာလက်ချောင်းများပေါက်ပြဲဒဏ်ရာ၊

ဒူးနှစ်ဖက်ပွန်းပဲ့ဒဏ်ရာများဖြင့် စိုးရိမ်ရပြီး မန္တလေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group