Myanmar National Post

ကလေး - ဖလမ်း - ဟားခါးလမ်း ဖလမ်းမြို့အဝင်လမ်းသားပြုပြင်နေမှု၊ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းပြီးစီးမှုတို့အား ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် သွားရောက်ကြည့်ရှုစစ်ဆေး











ဖလမ်း၊ အောက်တိုဘာလ ၂၄

ချင်းပြည်နယ်၊ ကလေး - ဖလမ်း - ဟားခါးလမ်း ဖလမ်းမြို့အဝင်လမ်းသား ပြုပြင်ဆောင်ရွက်နေမှုအား အောက်တိုဘာ(၂၃)ရက်မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးနေလင်းအောင်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကလေး - ဖလမ်း - ဟားခါးလမ်း မိုင်တိုင် ၇၉/၀ – ၈၀ ကြား (ဖလမ်းမြို့အဝင်) ယခင်လမ်းမပေါ်ရေများ ဖြတ်သန်းစီးဆင်းမှုကြောင့် ဗွက်တန်းဖြစ်နေပြီး လမ်းသားနိမ့်ကျနေသည့် နေရာတွင် ကျောက်ရောမြေဖိကြိတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းဇော်နှင့် တာဝန်ခံအင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီဇိုင်းမှန်ကန်စွာဖြင့် ဆောင်ရွက်ရေး၊ တောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့မှုမဖြစ်စေရေး စက်ယာဥ်ယန္တရားများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ တောင်ပြိုကျမှုအားကာကွယ်နိုင်ရန်အတွက် ဒီဇိုင်းတွက်ချက်ဆောင်ရွက်သွားနိုင်ရေး မှာကြားသည်။

အလားတူ မနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် နယ်စပ်ဒေသတိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်နေအိမ်၊ သင်တန်းခန်းမ၊ (၆)ခန်းတွဲဝန်ထမ်းအိမ်ရာ၊ သင်တန်းသားအိပ်ဆောင် ပြုပြင်ပြီးစီးမှုအခြေအနေအား လည်းကောင်း၊ မြန်မာ့လယ်ယာစီးပွားရေးဘဏ် အဆောက်အဦပြုပြင်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ချယ်ရီခန်းမဆောင်ပြုပြင်ခြင်း လုပ်ငန်းအား လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း သင်တန်းခန်းမနှင့် ပစ္စည်းဂိုဒေါင် ပြုပြင်ပြီးစီးမှုအခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးက  အဆောက်အဦပြုပြင်ခြင်း လုပ်ငန်းများ ပြီးစီးပါက ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရန်၊ အဆောက်အဦ ပတ်ဝန်းကျင်ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ရန်၊ ဆယ်တင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက်ရန်၊ ပြုပြင်ပြီးစီးသည့် အဆောက်အဦများတွင် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများနေထိုင်နိုင်ရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန် မှာကြားသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ကျင်မွာလ် ရပ်ကွက်၊ မြို့ရှောင်ကွင်းလမ်းတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စနေနေ့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေး အားပေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ လုံပီးရပ်ကွက်၊ စိုက်ပျိုးရေးသိပ္ပံ (လုံပီး)ကျောင်း အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ လုံပီးစိုက်ပျိုးရေးခြံသို့ ရောက်ရှိပြီး  လုံပီးခြံတာဝန်ခံမှ စိုက်ပျိုးရေးခြံလက်ရှိအခြေအနေနှင့် ယခင်နှစ်ရှည်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခြံအတွင်းလမ်းများ ကောင်းမွန်စွာ ပြန်လည်ပြုပြင်ရေး၊ စိုက်ပျိုးထားသော  နှစ်ရှည်သီးနှံများ မပျက်စီးရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရေး၊  ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ဆောင်ရွက်နိုင်ရေးမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post