Eleven Media Group

ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကျင်းပ

■ပုံစာ- ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ကျောက်ဆည်မြို့၏ ဆင်အကအလှပြိုင်ပွဲ အခမ်းအနားအား တွေ့ရစဉ်။

ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲအခမ်းအနားကို ၁၃၈၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်(၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်) နံနက် ၈ နာရီကျော်တွင် ရွှေသာလျောင်းတောင်ခြေရှိ ဝတ္တကကုန်းမြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆင်အကယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်ဆင်အမျိုးအစားများဖြစ်သော သဘာဝင်ဆင် ၃ စီး၊ ကလေးဆင် ၃ စီး၊ ရိုးရာလူကြီးဆင် ၆ စီး၊ ဘော်ကြယ်ဆင် ၂ စီး၊ စုစုပေါင်း ၁၄ စီး ယှဉ်ပြိုင်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဆင််အကအလှပြိုင်ပွဲ ပြိုင်ပွဲဝင်ဆင်များ ပြိုင်ပွဲဝင် ဒိုင်ခုံများ ဗဟိုခုံ အမှတ် (၁) တွင် ၁။ ခေတ်သစ်မာန် (ဘော်ကြယ်) ၂​။ ဘိုကေ (ရိုးရာအငယ်တန်း) ၃။ ပဏ် (သဘာဝဆင်) ၄။ ဒို့မဟာ (ရိုးရာအကြီးတန်း) ၅။ ပိတောက်မြိုင် (ရိုးရာအကြီးတန်း) ခုံဒိုင် အမှတ် (၂)တွင် ၁။ အောင်မြင်သူ (ဘော်ကြယ်) ၂။ ရွှေဆည်သစ် (ရိုးရာအငယ်တန်း) ၃။ မေတ္တာရေစင် (သဘာဝဆင်) ၄။ မင်းထင်ရှား (ရိုးရာအကြီးတန်း) ၅။ ဇာနည်ဘွား (ရိုးရာအကြီးတန်း) ခုံဒိုင် အမှတ် (၃) တွင် ၁။ ရွှေပြည်သာ (ရိုးရာအကြီးတန်း) ၂။ ဂရုဏာရှင် (သဘာဝဆင်) ၃။ အောင်ဖြိုးခန့် (ရိုးရာအငယ်တန်း) ၄။ လှယဉ်သွေး (ရိုးရာအကြီးတန်း) စုစုပေါင်း (၁၄) ကောင်ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆင်အကအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဆင်အဖွဲ့များအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များကို စနစ်တကျဆောင်ရွက်ထား​ကြောင်း၊ ဆုများလည်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်းတောင်ထိပ်တက်ပြီး ရွှေသာလျောင်းစေတီတွင် လက်ယာရစ် သုံးပတ်ပတ်ပြီးနောက် ရွှေဆင်ရုပ်၊ ငွေဆင်ရုပ်၊ ရွှေသင်္ကန်း၊ ဆွမ်းတော်ကြီးပွဲများ၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် အနော်ရထာမင်းကြီးနှင့် ဆင်မယဉ်သာ(ဆင်ဖြူ)တို့ကို ရည်မှန်းပြီး အမျှအတမ်းပေးဝေကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ဆင်ပွဲတော်သည် သက္ကရာဇ် ၃၇၉ ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင် အနော်ရထာ မင်းသည် သက္ကရာဇ် ၃၉၅ ခုနှစ်၌ ကျောက်ဆည်မြို့ကိုးခရိုင်နယ်မြေတွင် ဆည်မြောင်းကန်ချောင်းတို့ကို တည်ဆောက်ဆည်ဖို့တော်မူခဲ့ကြောင်း၊အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင်ဓာတုသေနမင်းထံမှ ပင့်ဆောင်ရရှိတော်မူခဲ့သော ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွားကို အရှင်အရဟံ၏ ဩဝါဒဖြင့် ဆင်မယဉ်သာ (ဆင်ဖြူတော်) ပေါ်သို့တင်ပြီး အဓိဋ္ဌာန်ပြုစေလွှတ်တော်မူခဲ့ရာ အရှေ့မျက်နှာအရပ် မြင်စိုင်းနယ်ကျောက်ဆည်တည်ရာ သာလျောင်းတောင်ထိပ်သို့တက်ခဲ့ကြောင်း၊ တောင်ထိပ်တွင် ခေတ္တလဲလျောင်းပြီးနောက် ချက်ချင်းဆင်းသွားကာ သံရွာနယ်တောင်တော်တောင်ထက်တက်၍ ခေတ္တရပ်ပြီး၊ ထိုမှ ခရွေတောင်သို့တက်ပြီးဝပ်လေသည်။ သက္ကရာဇ် (၃၉၅) ခုနှစ်တွင် သာလျောင်းတောင်ထိပ်နှင့် ခရွေတောင်ထိပ်တို့တွင် တစ်ပြိုင်တည်း စေတီတစ်ဆူစီကို တည်တော်မူ၏။ သာလျောင်းတောင်ထိပ် တည်သောစေတီကို ရွှေသာလျောင်း စေတီဟု အမည်တွင်သည်။

အနော်ရထာမင်းကြီးသည် ရွှေသာလျောင်းစေတီတွင် သီတင်းကျွတ်လပြည့် နေ့တိုင်း၌ ဆွမ်းတော်ကပ်လှူပွဲနှင့် တပေါင်းလ၌ ပွဲတော်ကျင်းပရန် ကလန်၊ သံပျင်တို့ကို ဆင့်ဆိုမှာကြားတော်မူခဲ့ကြောင်း၊ စွယ်တော်တင်သော ဆင်မယဉ်သာ(ဆင်ဖြူတော်) ကိုလည်း ငါကဲ့သို့ပင် အမှတ်တရဆင်ရုပ်တို့ဖြင့် လှူဒါန်းပူဇော်အမျှပေးဝေကြရန် အဓိဋ္ဌာန်ထားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့်အတူ ဆင်လှူပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အနော်ရထာမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၉ဝဝ ကျော် ရိုးရာမပျက် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက်ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ဆင်အကအလှပြိုင်ပွဲကျင်းပကြောင်းနှင့် လပြည့်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပွဲ ၊ ရွှေဆင်၊ ငွေဆင် လှူဒါန်းပွဲ ကျင်းပလေ့ရှိကြောင်း သိရသည်။

■သတင်း၊ဓာတ်ပုံ- သက်ထွန်းအောင်

မူရင်းသတင်း — Eleven Media Group