
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားကြီး၌ သီတင်းကျွတ်ပွဲတော် မီးအလှဆင် ပူဇော်မှုများ ယနေ့စတင်မည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာလ ၂၅ ရက်(လဆန်း ၁၄ ရက်)မှ လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၂၇ ရက်) နေ့အထိ သုံးရက်တိုင်ကျင်းပရန် ရှိနေခြင်းဖြစ်သည်။
“ဇောင်းတန်းတစ်လျှောက်၊ ဗိမာန်တော်ကြီး၊ ကိုးဘုံတန်ဆောင်း၊ ဂန္ဓကုဋီတိုက်နဲ့ ဘုံပြသာဒ်တွေမှာ မီးအလှဆင် မှာဖြစ်ပါတယ်။ မင်္ဂလာကန်တော်(၁)(၂)နဲ့ တံတိုင်းတစ်လျှောက်မှာလည်း မီးအလှဆင်ဖို့ရှိပါတယ်။ ကိုးနဝင်း စေတီဘက်မှာလည်းမီးပူဇော်ပါမယ်။ ရင်ပြင်တော်မှာလည်း ဆီမီးထွန်းမှာပါ။ မိုးအခြေအနေချိန်ရလို့ ကွင်းပြင် မှာတော့ မီးအလှဆင်နိုင်မှာမဟုတ်ပါဘူး။ ပြည်တော်ပြန်ဘုရားကြီးကိန်းဝပ်စံပါယ်ရာ ဂန္ဓကုဋီတိုက်ထဲမှာလည်း တန်ဖိုးကြီးပန်းတွေနဲ့အလှဆင်ပူဇော်မှာပါ။ ဧည့်ခံဖျော်ဖြေရေးအနေနဲ့ကတော့ ဆိုင်းဖျော်ဖြေမှု၊ တေးဂီတဝိုင်း ဖျော်ဖြေမှုတွေပါဝင်ပါမယ်"ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ဖြေကြားသည်။
သီတင်းကျွတ်လဆန်း(၁၄)ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တို့၌ မီးပုံးကြီးများ လွှတ်တင် ပူဇော်မှုများလည်း ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။