
နေပြည်တော်၊ အောက်တိုဘာ ၂၅
နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြု ကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာတြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ဂုဏ်ပြု ကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်း သာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနားစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍ လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် လည်းကောင်း ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar