
နေပြည်တော်၊ အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာအသစ်တည်ဆောက်ရေး၊ သာစည်-မန္တလေး ရထားလမ်းပိုင်းရှိ စမုံနှင့်သပြေတောင်း ဘူတာအကြား တံတားအမှတ်(၆၉၁) စမုံချောင်းဒွေးလမ်း တံတားသစ်တည်ဆောက်ရေးနှင့် ကျောက်ဆည်ဘူတာသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အဖွဲ့သည် ၂၃-၁၀-၂၀၂၆ ရက်နေ့က သာစည်ဘူတာသို့ရောက်ရှိပြီး သာစည်ဘူတာအသစ် foundation လုပ်ငန်းဆောင်ရွက်နေမှု Platform၊ Waiting Shed နှင့် လူကူးခုံးကျော်တံတားတည်ဆောက်ရန် လျာထားဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအမီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (သာစည်)သို့ ရောက်ရှိပြီး စက်ရုံအား အမြဲသန့်ရှင်း သာယာလှပရေးဆောင်ရွက်ရန်၊ စက်ရုံအတွင်းထားရှိသော ရထားစက်ခေါင်းများ အပတ်စဉ်သန့်ရှင်းရေးပြုလုပ်ရန်၊ စက်ခေါင်းများ ပုံမှန်ကြံ့ခိုင်ရေးနှင့် ဆေးရောင်သစ်လွင်တောက်ပစေရေး အမြဲဆောင်ရွက်ရန်မှာကြားကာ သာစည်ဘူတာတွင် တိုင်းအမှတ် ၃ နှင့် ၄ တို့မှ တိုင်းအရာရှိများအား တွေ့ဆုံ၍ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် RBE ရထားဖြင့် သာစည်ဘူတာမှထွက်ခွာပြီး သဲတောနှင့်စမုံဘူတာအကြား All-TM စက်ကြီးဖြင့် ပက်ကင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စမုံ-သပြေတောင်း ဘူတာအကြား တံတားအမှတ်(၆၉၁) စမုံချောင်းတံတားတည်ဆောက်ရေး စီမံကိန်းချဉ်းကပ်ရထားလမ်း သံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ တံတားကမ်းကပ်ခုံတည် ဆောက်ခြင်းလုပ်ငန်း၊ ရေလယ်တိုင် တည်ဆောက်ခြင်းလုပ်ငန်း၊ ကွန်ကရစ်တံတားဘောင်လောင်းရန် ပြင်ဆင်နေသည့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအမီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ချဉ်းကပ်ရထားလမ်းအား တံတားပြီးသည်နှင့်တစ်ပြိုင်တည်း ရထားသွားလာနိုင်ရေး ကြိုတင်ဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါ တံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ပျက်စီးခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက် လျက်ရှိသည့် အရှည် ၃၆၄ ဒသမ ၁၇ ပေရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတားဖြစ်ပြီး ၂၀၂၇ ခုနှစ် မတ်လကုန်တွင် တံတားနှင့်ချဉ်းကပ်ရထားလမ်းများ အားလုံးပြီးစီး၍ အစုန်/အဆန်ရထားများ ပြေးဆွဲ နိုင်မည်ဖြစ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ဘူတာသို့ရောက်ရှိပြီး ဘူတာသစ်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar