Myanmar National Post

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး





နေပြည်တော်၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိ တပ်နယ်အားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) (အမျိုးသား) အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်အဖွဲ့များက တီးလုံးတီးကွက်များနှင့် စည်းကိုက်ဝါးကိုက် ခေါင်းခါးခြေလက်ပိုင်နိုင်စွာဖြင့် လည်းကောင်း၊ ဝတ်စားဆင်ယင်မှု၊ မျက်နှာသွင်ပြင်ဟန်ပန် သေသပ်မှုတို့ဖြင့်လည်းကောင်း တစ်ဦးချင်းစီအလိုက် ပါဝင်ယှဉ်ပြိုင်ကပြနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပုဗ္ဗသီရိတပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) (အမျိုးသား) စန္ဒရားအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက ချစ်သမျှကို (ပတ်ပျိုး) သီချင်းဖြင့် သာယာနာပျော်ဖွယ် တီးခတ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပြိုင်ပွဲအလိုက် အကဲဖြတ်ဆောင်ရွက် ပေးနေသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် လာရောက်အားပေးကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ အဖွဲ့ဝင်များလိုက်ပါ၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမရှိ လဟာပြင်ဇာတ်ရုံ၌ ယှဉ်ပြိုင်လျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “ဝိဓူရ” ဇာတ်တော်ကြီး ကပြယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဇာတ်တော်ကြီးပြိုင်ပွဲတွင် အကဲဖြတ် ဆောင်ရွက်ပေးကြမည့် ဒိုင်အဖွဲ့မှ ဝါရင့်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပရိသတ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု “သဘင့်မာန်ဟုန်ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့၏ “ဝိဓူရ” ဇာတ်တော်ကြီး ကပြယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြရာ ပြိုင်ပွဲဝင်များက အခန်းစဉ်များအလိုက် မူရင်းဇာတ်စာ၊ ပျို့လင်္ကာ၊ ရတုနှင့်ဆုံးမစာများ၊ အကအလှများ၊ ဇာတ်လမ်း၏ အနိမ့်အမြင့်အလိုက် ရှေးရိုးရာ ပတ်ပျိုး၊ ကြိုး၊ သီချင်းခံတို့ကို ရတု၊ ရကန်၊ လေးဆစ် “အဆိုပညာ”ရပ်၊ အလွမ်းအဆွေး သရုပ်ဆောင်ရာတွင် အသုံးချသည့် “အငိုပညာ” ရပ်နှင့် နားထောင်ရသူ စွဲမက်စေမည့် “အပြောပညာ” ရပ်တို့ဖြင့် ဇာတ်ညွှန်းအတိုင်း ဝါကျအဖြတ်အတောက်မှန်ကန်စွာ မြန်မာ့ရိုးရာ သဘင်ကျင့်ထုံးများကို မဖောက်ဖျက်ဘဲ တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ ကပြယှဉ်ပြိုင်မှုကိုကြည့်ရှုအားပေးကြသည်။

ဝိဓူရဇာတ်တော်ကြီးသည် ဗုဒ္ဓဝင်ဆယ်ဘွဲ့အနက်မှ နဝမမြောက် ဇာတ်တော်ကြီးဖြစ်ပြီး ဇာတ်တော်ကြီးကို ကိုယ်ကျင့်သီလ ဖြူစင်ဖြောင့်မတ်မှုအပေါ်တွင် အခြေခံသောပညာ၏ အကျိုးကျေးဇူးများကို သိရှိသဘောပေါက်ကြစေရန်၊ သာဓုနရတရားလေးပါးအကြောင်း သိရှိနားလညကျင့်သုံးလိုက်နာကြစေရန်၊ လောင်းကစားခြင်း၏ ဆိုးပြစ်နှင့် မကောင်းသော အကျိုးဆက်များကို သိရှိရှောင်ရှားနိုင်ကြစေရန်နှင့် ဝိဓူရဇာတ်တော်ကြီးကို ကြည့်ရှုခံစားလျက် သူတော်ကောင်းတရားနှင့် သူတော်ကောင်းဥစ္စာခုနစ်ပါးကို ပွားများနိုင်ကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကပြယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရသည်။

(၂၇) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲ အမျိုးအစားများအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှပြိုင်ပွဲဝင်များက အနုပညာ ရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှုအားပေးလျက်ရှိကြကြောင်းနှင့် ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်စုစုပေါင်း ၂၄၀၀ ကျော်ဖြင့် အောက်တိုဘာ၂၉ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post