
အောက်တိုဘာ - ၂၆ ( တနင်္လာနေ့ )
စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ သူတို့က ဆော်ဒီအာရေဗျနိုင်ငံအတွင်းက ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ကြပါတယ်လို့ သိရပါတယ် ။ အဲ့ဒီထဲမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုနဲ့ ကမ္ဘာ့ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ဆော်ဒီအာရ်မကို ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။
ယီမင်နိုင်ငံက အန်ဆာအလာ လှုပ်ရှားမှုအဖွဲ့ (သို့မဟုတ်) ဟူသီသူပုန်တွေနဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တို့အကြား ပဋိပက္ခဟာ ပြီးခဲ့တဲ့လက ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက သူပုန်အဖွဲ့ဟာ ဘက်ပ်အယ်လ်-မန်ဒက် ရေလက်ကြားထဲမှာရှိတဲ့ ပယ်ရမ်ကျွန်း အပြင်၊ ပင်လယ်နီကမ်းခြေမြို့တွေဖြစ်တဲ့ မိုကာ နဲ့ ဒူဘက် တို့ကို သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဟူသီတွေဟာ ယီမင်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီး ဟူသီဆန့်ကျင်ရေး အင်အားစုတွေရဲ့ အဓိက ခံတပ်မြို့တစ်မြို့လည်းဖြစ်တဲ့ တိုက်ဇ် မြို့ကို ဝိုင်းရံပိတ်ဆို့မှုကို ပိုမိုတင်းကျပ်လာခဲ့ပါတယ်။
အိတ်စ် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ကြေညာချက်တစ်ခုမှာ ယဟ်ယာ ဆာရီ က ဟူသီသူပုန်တွေ အနေနဲ့ ပဲ့ထိန်းဒုံးတွေနဲ့ ဒရုန်းတွေကိုသုံးပြီး စစ်ဆင်ရေး (၇) ခု လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီပစ်မှတ်တွေထဲမှာ ရိယာဒ်မြို့က ဘုရင် ခါလစ်လေဆိပ် ၊ ဒမ်မမ်မြို့က ဘုရင် ဖာဟက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ နာဂျရန်လေဆိပ်နဲ့ ခါမစ်မူရှိုက် လေတပ်စခန်း တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ယာန်ဘူ မြို့ရှိ အာရ်မကိုရဲ့ အဆောက်အအုံတွေ၊ ရာဘစ် ရေနံချက်စက်ရုံနဲ့ ရေနံစိမ်း ပန့်တင်စက်ရုံတွေ၊ ဆော်ဒီအာရေဗျ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ရတာဟာ ယီမင်နိုင်ငံအပေါ် ဆော်ဒီဘက်က ကျူးလွန်နေတဲ့ "ရန်လိုမှုတွေ" ကြောင့် ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆော်ဒီတပ်ဖွဲ့တွေဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ လောက် လုပ်ခဲ့ပြီး ဆာနာ မြို့နဲ့ အခြားနေရာတွေက အရပ်ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာကြောင့် လူ ဒါဇင်နဲ့ချီ သေဆုံးပြီး ဒဏ်ရာရခဲ့တယ်လို့လည်း ဆာရီက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဆော်ဒီဘက်က ကျူးလွန်နေတဲ့ အဲဒီ "ရန်လိုမှုတွေ" ရပ်စဲသွားပြီး ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကလည်း ယီမင်နိုင်ငံထဲကိုနဲ့ အပြင်ဘက်ကို လူနဲ့ကုန်ပစ္စည်းတွေ သွားလာကူးသန်းမှုကို ကန့်သတ်ထားတာတွေကို ရုပ်သိမ်းမပေးမချင်း ဆော်ဒီပိုင်နက်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ သူက ပြောပါတယ်။
ဒီနောက်ဆုံးပေါ် တိုက်ခိုက်မှုဟာ ဟူသီတို့ရဲ့ အရင်က တိုက်ခိုက်မှုတွေကြောင့် နှစ်ပတ်ကျော်ကြာ ရပ်ဆိုင်းသွားခဲ့ရတဲ့ ရိယာဒ်မြို့ရဲ့ ပင်မလေဆိပ်ကြီး ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလေဆိပ်ကတော့ တနင်္ဂနွေနေ့ကစပြီး တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။ အိတ်စ် (တွစ်တာ) ပေါ်မှာ တင်ထားတဲ့ သီးခြားကြေညာချက်တစ်ခုမှာတော့ ဆာရီက အဲဒီလေဆိပ်ကို အသုံးမပြုကြဖို့ လေကြောင်းလိုင်းတွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ ခရီးသည်တွေကို သတိပေးခဲ့ပြီး၊ အဲဒါကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့အတွက် ဆက်လက်ပြီး အန္တရာယ်ရှိနေဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟူသီတွေဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘုရားဖူးမြို့တွေဖြစ်တဲ့ မက္ကာနဲ့ မဒီနာမြို့တွေကို ပစ်မှတ်ထားခဲ့တယ်ဆိုပြီး ဆော်ဒီဘက်က သတင်းအမှားတွေ ဖြန့်ဝေနေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ စစ်ဆင်ရေးတွေဟာ ဆော်ဒီရဲ့ ရေနံစက်ရုံတွေနဲ့ စစ်စခန်းတွေကိုသာ တစ်ခုတည်း ပစ်မှတ်ထားတာဖြစ်ပြီး လုပ်ဆောင်နေစဉ်မှာလည်း အခါအားလျော်စွာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သူက အခိုင်အမာ ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar