
နေပြည်တော်၊ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများနှင့် တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တမံသိုလှောင်ရေ ထိန်းညှိလျှော့ချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင် တမံနိမ့်မြင့်မှတ်မှာ ၂၉၇ ဒသမ ၆ ပေ၊ သိုလှောင်ရေပမာဏ - ၅၁၁၃၉ ဧကပေ ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍နွေစပါး ၅၃၇၄ ဧကအား စိုက်ပျိုးရေပေးဝေ သွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက တမံအိလျော့သည့်နေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းများ မခံရစေရန် မိုးရေကာဖျင်များဖြင့် စနစ်တကျ အုပ်မိုးကာကွယ်ထားရှိမှု၊ ရေလှောင်တမံ ပိုမိုစိတ်ချစေရေးအတွက် တမံအခြေဘက်တွင် မြေသားတမံဖို့၍ တမံအခြေထောက်ခြင်း၊ မြေသားတမံနှင့် ဆက်စပ်၍ ရေစစ်ကျောက်ရိုး (Rock Toe) ထည့်သွင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု၊ ရေစစ်ကျောက်ရိုး (Rock Toe) နှင့် ချိတ်ဆက်သည့် ရေစစ်သဲလွှာ လုပ်ငန်းဆောင်ရွက်ခြင်း၊ တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများအား စစ်ဆေးနေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး Quality Control (QC) စစ်ဆေးဆောင်ရွက်မှု၊ တမံတည်ဆောက်ရာတွင် အောက်ခံမြေသား သိပ်သည်းဆနှင့် ခံနိုင်ရည်ဝန်အား တိုင်းတာရေးအတွက် Standard Penetra-tion Test (SPT) စမ်းသပ်ဆောင်ရွက်နေမှု၊ တမံပြန်လည်တည် ဆောက်ရာတွင် အသုံးပြုရမည့် ဖို့မြေများအတွက် မြေရယူသင့်သည့်နေရာ (Borrow)ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို ဂရုပြုလိုက်နာဆောင်ရွက်သွားကြရန်နှင့် အခြားနည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် မမြရေလှောင်တမံ ရှင်းလင်းဆောင် အစည်းအဝေးခန်းမ၌ တမံအိလျော့ ကျမှုအပေါ်လိုအပ်သည့် အချိန်လိုအပ်သလို ရေထုတ်လွှတ်နိုင်ရန်အရေးပေါ် ရေပိုလွှဲတွင် ရေတံခါးတပ်ရေပိုလွှဲ (Gated Spillway) ဒီဇိုင်းထည့်သွင်းစဉ်းစားမှု အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မမြရေလှောင်တမံ ကျောဘက်အလျော အိလျော့ကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဘူမိရူပဆိုင်ရာ တိုင်းတာခြင်း၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး တွေ့ရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ တမံ၏ လက်ရှိကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို သုံးသပ်အကဲဖြတ်ခြင်း၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များအပေါ် ကြိုတင်ပြင်ဆင်နိုင်ရေးစီမံခြင်း၊ စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမိုအလေးထားပြီး စနစ်တကျ စောင့်ကြည့် ထိန်းသိမ်းခြင်းနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ယခုထက်ပိုမိုအရှိန်မြှင့်ပြီး စီမံဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များကို အထူးအလေးထား စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar