
နေပြည်တော်၊ အောက်တိုဘာ ၂၈
ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ကျင်းပသော အကြိမ်(၃၀)မြောက် စွမ်းအင်နှင့်ဂေဟဗေဒစနစ်ဆိုင်ရာ ဖိုရမ်သို့တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်တွင် မင့်စ်မြို့သို့ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၇ ရက်တွင် ဖိုရမ်သို့ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တက်ရောက်၍ ဖိုရမ်၏မျက်နှာစုံညီအစည်းအဝေး Plenary section သို့ Developing Energy, Developing the Economy ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏တည်ရှိနေမှု ပထဝီအနေအထားအရ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်စပ်ပေးလျက်ရှိသည့် တံတားသဖွယ်ဖြစ်နေ၍ ယင်းအခွင့်အလမ်းကို အသုံးချပြီး စွမ်းအင်ဆိုင်ရာကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အဆွေတော်နိုင်ငံများအား မိမိတို့မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံသည်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များထိုက်သင့်သည့် ပေါကြွယ်ဝမှုရှိသည့်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်၊ ထုတ်လုပ်ရေးတွင်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် စိန်ခေါ်မှုများစွာ ရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဦးစွာဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးချခြင်း၊ သဘာဝဓာတ်ငွေ့ရည်ဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆိုင်ရာ သင်ကြားကူညီမှု၊ လူ့စွမ်းအားရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမှု စသည်တို့လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံဖြိုးတိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာစေခြင်း၊ သင့်လျော်သော ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်ချမှတ်ဆောင်ရွက်ခြင်းဖြင့် စွမ်းအင်လုံခြုံရေးကို တိုးတက်စေပြီး အနာဂတ်အတွက် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့သည့် စွမ်းအင်အဖြစ် တိုးတက်လာမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ကြား Roadmap on Cooperation လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါ Roadmap on Cooperation နှစ်နိုင်ငံကြား မဟာဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် ဖြစ်ပေါ်နိုင်သည့် လေလွင့်ဆုံးရှုံးမှုများ (Losses) လျှော့ချရေး နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ခြင်း၊ Smart Power Generation နှင့် Smart Grid တို့ ဖွံ့ဖြိုးလာစေရေးအတွက် နည်းပညာများအကူအညီပေးခြင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှစ်ရပ်လုံးတွင် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးလာရေးအတွက် ဘယ်လာရုစ်နိုင်ငံ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်များသို့ သင်တန်းသားများ စေလွှတ်၍ သက်ဆိုင်ရာဘာသာရပ်များ လေ့ကျင့်သင်ကြားခြင်း စသည်တို့ပါဝင်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Energy Expo တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာလျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆိုင်ရာပြခန်းများအား လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar