Myanmar National Post

နေတန်ယာဟုရဲ့ လီကွဒ်ပါတီက မဲခိုးတယ်ဆိုပြီး စွပ်စွဲ


အောက်တိုဘာ - ၂၉ ( ကြာသပတေးနေ့ ) 

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ရဲ့ လီကွဒ် ပါတီက မဲခိုးခဲ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပတ်သက်လို့ အစ္စရေးရဲတပ်ဖွဲ့က အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရဘူးလို့ ဆိုလိုက်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ မဲမသမာမှုနဲ့  ပတ်သက်ပြီး တိုင်ကြားချက် ၄၈ ခု လက်ခံရရှိခဲ့ပေမဲ့ ဒါဟာ ယခင်ရွေးကောက်ပွဲထက် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားတာဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဲမသမာမှုဖြစ်တယ်ဆိုတဲ့ စုံစမ်းစစ်ဆေးရေး ဒါမှမဟုတ် ထောက်လှမ်းရေး အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရဘူးလို့ i24NEWS သတင်းဌာန က ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ထောက်လှမ်းရေးဌာနခွဲ အကြီးအကဲ ဗိုလ်ချုပ် ဘိုအက်ဇ်ဘလက်  ကလည်း "ထူးခြားတဲ့ အခြေအနေ ဘာမှမရှိပါဘူး" လို့ ကန်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

အာရပ် ဂျွိုင့်လစ်  မဟာမိတ်အဖွဲ့နဲ့ အစ္စလာမ္မစ် ရာအမ် ပါတီတို့ဟာ စုစုပေါင်း အမတ်နေရာ ၁၉ နေရာလောက် အနိုင်ရဖို့ ရှိနေပြီး ဒါဟာ သူတို့ရဲ့ ယခင် ရရှိထားဖူးတဲ့ ကိုယ်စားလှယ်နေရာ အရေအတွက်ထက် နှစ်ဆနီးပါး တိုးလာတာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ လူဦးရေမှာ အာရပ်နိုင်ငံသားတွေက ၂၁ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး သူတို့ရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေတဲ့ နေတန်ယာဟုကို နေရာဖယ်ရှားနိုင်ဖို့အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။

ကနဦး ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီးချင်းမှာပဲ လီကွဒ် ပါတီက အာရပ်ပါတီတွေဟာ "ခြောက်လှန့်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လိမ်လည်လုပ်မှုတွေ၊ မဲဆွယ်ဖို့ တရားမဝင် ဆော့ဖ်ဝဲလ်တွေကို အသုံးပြုတာနဲ့ လာဘ်ပေးလာဘ်ယူ ပြုလုပ်တဲ့ ပြင်းထန်သော ရာဇဝတ်မှုတွေ" ကျူးလွန်ပြီး ရွေးကောက်ပွဲကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီပါတီက အာရပ်လူ့အဖွဲ့အစည်းတွေရှိတဲ့ မဲရုံတွေမှာ မမှန်မကန် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားနဲ့ ထွက်ဆိုချက် ရာပေါင်းများစွာကို စုဆောင်းထားရှိကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီ ရှင်ဘက်အဖွဲ့ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အစ္စရေး ဗဟိုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲ မမှန်မကန်ဖြစ်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားချက် ၁၀,၀၀၀ ခန့် လက်ခံရရှိခဲ့ပေမဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ရွေးကောက်ပွဲ တရားမျှတမှုနဲ့ မသက်ဆိုင်တဲ့ အချက်အလက်မှားတွေနဲ့ မှားယွင်းစွာ အမျိုးအစားခွဲခြားထားတဲ့ တိုင်ကြားချက်တွေ ဖြစ်တာကြောင့် ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုင်ကြားချက်တွေထဲမှာ မဲရုံတွေအတွင်း ဓာတ်ပုံရိုက်တာ၊ မဲလက်မှတ် ပျက်စီးအောင်လုပ်တာနဲ့ မဲပေးမှုကို အနှောင့်အယှက်ပေးတာတွေ ပါဝင်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်အဖွဲ့နဲ့ စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ကျင်းပတဲ့ အစ္စရေးရဲ့ ပထမဆုံး ရွေးကောက်ပွဲမှာတော့ အဓိက နိုင်ငံရေးအုပ်စု နှစ်ခုစလုံးက ပါလီမန် အမတ်နေရာ အများစုကို အနိုင်မရရှိခဲ့ကြပါဘူး။

ကနဦး စာရင်းဇယားတွေအရ နေတန်ယာဟုရဲ့ အုပ်စုက အမတ်နေရာ ၅၂-၅၃ နေရာခန့် အနိုင်ရရှိဖို့ ရှိနေပြီး အစ္စရေးစစ်တပ် (IDF) ရဲ့ ဦးစီးချုပ်ဟောင်း ဂါဒီအီဆန်ကော့ ဦးဆောင်တဲ့ ပြိုင်ဘက်အုပ်စုကတော့ နေရာ ၄၈ ခု ရရှိဖို့ ရှိနေပါတယ်။ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ၁၂၀ အမတ်နေရာ ပါဝင်တဲ့ ခနက်ဆက်ပါလီမန် မှာ အမတ်နေရာ ၆၁ နေရာ လိုအပ်ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post