Eleven Media Group

■ ခရစ်ပတိုငွေကြေးဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ဟက်ကာတိုက်ခိုက်မှုအပြီး Binance အသုံးပြုသူများက ဒေါ်လာ ၃ ဒသမ ၆ ဘီလျံရှိ ငွေကြေးများ ပြန်လည်ထုတ်ယူ

ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေး ရောင်းဝယ်ရေးပလက်ဖောင်း Binance ကို သမိုင်းတစ်လျှောက် အကြီးမားဆုံးဟု ယူဆရသည့် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ အသုံးပြုသူများက ပိုင်ဆိုင်မှု ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ပြန်လည်ထုတ်ယူသွားကြသည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၃ ဘီလျံခန့် ထိခိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ်အပြီး Binance က ငွေကြေးလွှဲပြောင်းမှုအားလုံးကို ယာယီရပ်ဆိုင်းခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကို မြောက်ကိုရီးယားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် FBI အပါအဝင် အဖွဲ့အစည်းများက စွပ်စွဲလျက်ရှိသည်။

နိုဝင်ဘာ ၁ ရက်တွင် ဝန်ဆောင်မှုများ ပြန်လည်စတင်ခဲ့ပြီး ဆိုက်ဘာတိုက်ခိုက်မှုအတွင်း ခိုးယူခံခဲ့ရသည့် ပိုင်ဆိုင်မှုတန်ဖိုး၏ ၉၅ ရာခိုင်နှုန်းခန့်ကို ပြန်လည်ဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း Binance က ပြောသည်။ ကျန်ရှိသည့်ပမာဏကို ပြန်လည်ရရှိရန် ကြာမြင့်ဦးမည်ဖြစ်သော်လည်း ဆုံးရှုံးခဲ့သမျှအားလုံးကို ပြန်လည်ဖြည့်ဆည်းပေးမည်ဟု ကုမ္ပဏီက အကြိမ်ကြိမ်ကတိပေးထားသည်။

ဆိုက်ဘာတိုက်ခိုက်မှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ဒေါ်လာ ၆ ဒသမ ၃ ဘီလျံကျော်ကို အရန်ငွေအဖြစ် သီးသန့်ထားရှိထားကြောင်းလည်း Binance က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် Bitcoin နှင့် Ethereum အပါအဝင် အဓိက ခရစ်ပတိုငွေကြေး အမျိုးအစား ၂၄ မျိုးကျော်ကို ပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် လုံခြုံရေးစစ်ဆေးမှုများ ပြီးစီးသည့်အလိုက် ကျန်ဝန်ဆောင်မှုများကိုလည်း အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။

Binance ကို တိုက်ခိုက်ခဲ့သည့်အဖွဲ့က TraderTraitor ဟု အမည်ရသည့် မြောက်ကိုရီးယား ဆိုက်ဘာရာဇဝတ်မှုအဖွဲ့ဖြစ်ကြောင်း စွပ်စွဲခံထားရသည်။ Lazarus Group ဟုလည်း လူသိများသည့် ၎င်းအဖွဲ့က ၂၀၂၅ ခုနှစ်တွင် ခရစ်ပတိုငွေကြေး ရောင်းဝယ်ရေးပလက်ဖောင်း Bybit မှ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ခိုးယူခဲ့ဖူးသည်။

တရုတ်နိုင်ငံတွင် စတင်တည်ထောင်ခဲ့သည့် Binance ကို ကမ္ဘာတစ်ဝန်း မှတ်ပုံတင်အသုံးပြုသူ သန်းရာနှင့်ချီရှိသည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group