Myanmar National Post

အမေရိကန်က နျူကလီယား သုသေတနစခန်းတစ်ခု မီးလောင်


အောက်တိုဘာ - ၂၉ ( ကြာသပတေးနေ့ ) 

အမေရိကန်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို ထောက်ပံ့ပေးနေတဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ် က အဓိကကျတဲ့ နျူကလီးယား သုတေသနစခန်းတစ်ခုမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ် လို့ စွမ်းအင်ဌာနက ပြောပါတယ်။

အိုက်ကန်မြို့အနီးက ဆာဗားနားမြစ်ဘေးအလုပ်ခွင် (SRS) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆာဗားနားမြစ် အမျိုးသားဓာတ်ခွဲခန်း မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက မီးကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။ "မီးလောင်တဲ့ အဆောက်အအုံရဲ့ ပြင်ပကို ရေဒီယိုသတ္တိကြွမှု မရောက်ရှိကြောင်း သတင်းပို့ ထားပါတယ်" လို့ စွမ်းအင်ဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရေးပေါ် လုပ်ထုံးလုပ်နည်းတွေကို စတင်ဆောင်ရွက်ခဲ့ပြီး မီးငြှိမ်းသတ်ရေးမှာ တိုက်ရိုက်မပါဝင်တဲ့ ဝန်ထမ်းတွေကို လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့နဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံတဲ့နေရာမှာ ဆက်နေကြဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနေရာကို ဝင်ရောက်လာတဲ့ ယာဉ်ကြောတွေကို ပိတ်ပင်ခဲ့ပြီး အနီးနားက မီးရထား၊ ရေကြောင်းနဲ့ လေကြောင်း ခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

တာဝန်ရှိသူတွေက ည ၉ နာရီ ၄၅ မိနစ်မှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းပေးခဲ့ပြီး ရေဒီယိုသတ္တိကြွမှု စစ်တမ်းတွေအရ စိုးရိမ်ရတဲ့ ပမာဏ ဘာမှမတွေ့ရဘူးလို့ ဆိုပါတယ်။ အကာအကွယ်ပေးတဲ့ အစီအမံတွေကို ရုပ်သိမ်းခဲ့ပြီး ကြာသပတေးနေ့မှာ ပုံမှန်လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ဒီမီးလောင်မှုဟာ အခန်းတစ်ခန်းထဲမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး စစ်ထုတ်မထားတဲ့ မြေပြင်အဆင့် ရေဒီယိုသတ္တိကြွမှု ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတစ်ဦးလည်း ထိခိုက်ဒဏ်ရာအနည်းငယ်နဲ့ ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက တည်ထောင်ခဲ့တဲ့ ဒီ SRS စခန်းဟာ မူလက အမေရိကန် နူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ် နဲ့ ထရိုင်တီယမ် တွေကို ထုတ်လုပ်ခဲ့တာပါ။ လက်ရှိမှာတော့ ထုတ်လုပ်ရေး စက်တွေကို ပိတ်ထားခဲ့ပြီဖြစ်ပေမယ့် အမေရိကန်ရဲ့ နူကလီးယား လက်နက်တိုက်ကြီးကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဒီစခန်းက အဓိကကျတဲ့နေရာမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဒီ SRS စခန်းဟာ နူကလီးယားထိပ်ဖူးတွေရဲ့ ပေါက်ကွဲအားကို မြှင့်တင်ပေးဖို့ အသုံးပြုတဲ့ ဟိုက်ဒရိုဂျင်ရဲ့ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်ဖြစ်တဲ့ ထရိုင်တီယမ်  ကို ပြုပြင်ထုတ်လုပ်ပေးတာတွေ လုပ်ဆောင်ပါတယ်။ ဒါ့အပြင် နူကလီးယား ပစ္စည်းတွေကို စီမံခန့်ခွဲတာ၊ ရေဒီယိုသတ္တိကြွ အမှိုက်တွေကို သန့်စင်တာနဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်နေပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post