

အောက်တိုဘာ _ ၂၉ ( ကြာသပတေးနေ့ )
ဂျပန်နိုင်ငံမှာ စွမ်းအင်ချွေတာမှုဆိုင်ရာ စံနှုန်းအသစ်တွေနဲ့ ကိုက်ညီအောင် အဲယားကွန်တွေကို ထုတ်လုပ်ရမယ်ဆိုတဲ့ စည်ကမ်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကုန်ကြမ်းပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အိမ်သုံးအဲကွန်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာဖို့ ရှိနေပါတယ်။
စက်မှုလုပ်ငန်းရဲ့ ထိပ်သီးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒိုင်ကင်စက်မှုလိမိတက်ဟာ လာမယ့် မတ်လမှာ ဈေးနှုန်းကို ရာခိုင်နှုန်း ၂၀ ကနေ ၃၀ လောက်အထိ တိုးမြှင့်သွားဖို့ စီစဉ်နေပါတယ်။ ဒီလိုဈေးတင်မယ့် အရေးကြောင့် ဈေးသက်သာတဲ့ ပုံစံဟောင်းတွေကို စံချိန်တင် ဝယ်ယူမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ဝယ်လိုအား ပြန်ကျဆင်းသွားမှာကို စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
တိုကျိုမြို့က အဓိက လက်လီအရောင်းဆိုင်တွေမှာ ၉ စတုရန်းမီတာကျော်လောက်ရှိတဲ့ အခန်းတွေအတွက် လက်ရှိသုံးနေတဲ့ အဲကွန်းအမျိုးအစားတွေဟာ ယန်း ၁၂၀,၀၀၀ ကနေ ၁၈၀,၀၀၀ ကြား ရှိကြပြီး ဈေးနှုန်းတွေက ယန်း ၂၀,၀၀၀ ကနေ ၅၀,၀၀၀ လောက်အထိ ထပ်တက်လာဖို့ ရှိပါတယ်။
နွေဦးရာသီမှာ စတင်ကျင့်သုံးတော့မယ့် ပိုမိုတင်းကျပ်တဲ့ စွမ်းအင်ထိရောက်မှု စံနှုန်းတွေနဲ့ ကိုက်ညီဖို့ဆိုရင် ပိုကြီးတဲ့ အပူလဲလှယ်စက်တွေနဲ့ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ဖိစက် (ကွန်ပရက်စာ) တွေကို ပြောင်းလဲတပ်ဆင်ရမှာ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲမှုတွေကြောင့် ဝယ်ယူသူတွေအနေနဲ့ အစပိုင်းမှာ ငွေကုန်ကြေးကျ ပိုများတယ်ဆိုပေမဲ့ နောက်ပိုင်း တစ်လချင်းစီ ကျသင့်မယ့် လျှပ်စစ်မီတာခကိုတော့ လျော့ကျစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ဆိုးရွားလာတာကြောင့် နက်ဖ်သာ ၊ အလူမီနီယမ်နဲ့ ကြေးနီ စတဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းမြင့်တက်လာမှုကလည်း စံနှုန်းသစ်နဲ့ ကိုက်ညီပြီးသားဖြစ်နေတဲ့ ပရီမီယံအဲကွန်းတွေရဲ့ ဈေးနှုန်းကိုပါ ပိုပြီး မြင့်တက်လာစေမှာ ဖြစ်ပါတယ်။
ဟီတာချီ အမှတ်တံဆိပ် အဲယားကွန်းတွေကို ရောင်းချနေတဲ့ ဘော့စ်ဟုမ်းကွန်ဖော့ ဂျပန် ကုမ္ပဏီ ကတော့ ဒီလထဲမှာ ဈေးနှုန်းကို ယန်း ၁၀,၀၀၀ လောက် တိုးမြှင့်သွားမှာဖြစ်ပြီး တိုရှီဘာ ကလည်း ယန်း ၁၀,၀၀၀ ကနေ ၄၀,၀၀၀ အထိ ဈေးတင်သွားမှာ ဖြစ်ပါတယ်။
ဂျပန်လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများအသင်းရဲ့ ဖော်ပြချက်အရ ဇန်နဝါရီလကနေ စက်တင်ဘာလ အတွင်း ပြည်တွင်းကို တင်ပို့ခဲ့ရတဲ့ အိမ်သုံးအဲကွန်း ပမာဏဟာ ယခင်နှစ်ကထက် ၂၂.၅ ရာခိုင်နှုန်း တိုးလာပြီး ယူနစ် ၉.၈၆ သန်းအထိ ရှိခဲ့ပါတယ်။
ဈေးမတက်ခင် ကြိုတင်ဝယ်ယူမှုတွေ၊ နွေဦးရာသီအစပိုင်းက ရာသီဥတု ပူနွေးခဲ့တာနဲ့ ဒေသန္တရအစိုးရရဲ့ ထောက်ပံ့ကြေးတွေကြောင့် အခုလို တိုးတက်လာခဲ့တာဖြစ်ပေမဲ့ နောင်နှစ်မှာတော့ ဝယ်လိုအား ပြန်လည်ကျဆင်းသွားမှာကို စိုးရိမ်ပူပန်နေကြဆဲ ဖြစ်ပါတယ်။
မီဆူဘီရှီ လျှပ်စစ်ကုမ္ပဏီ ရဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ ဒီနှစ်အတွင်း ပြည်တွင်းဝယ်လိုအားဟာ ယူနစ် ၁၁ သန်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ နောင်နှစ်မှာတော့ ယူနစ် ၂ သန်းကနေ ၃ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးမယ့်အပြင် "ကမ္ဘာပေါ်မှာ အဲကွန်းတွေ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိသေးတဲ့ ဒေသတွေ အများကြီးရှိနေသေးတဲ့အတွက်" ပြည်ပဈေးကွက်တွေကိုပါ ပိုပြီး တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်နေတယ်လို့ အဆိုပါ အရာရှိက ပြောကြားခဲ့ပါတယ်။
REF: Japan today
#News #Myanmar