Myanmar National Post

တောင်ကိုရီးယားက ဟောမုဇ်ရေလက်ကြားမှာ စစ်တပ်သွားချထားဖို့ စီစဉ်နေ




အောက်တိုဘာ - ၂၉ ( ကြာသပတေးနေ့ ) 

တောင်ကိုရီးယားက ပင်လယ်ရေကြောင်း လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ ချောင်းဟယ်တပ်ဖွဲ့ ရဲ့ လှုပ်ရှားမှုနယ်မြေကို အေဒင်ပင်လယ်ကွေ့ကနေ ဟော်မုဇ်ရေလက်ကြားအနီးရှိ အိုမန်ပင်လယ်ကွေ့ဘက်အထိ တိုးချဲ့ဖို့ စဉ်းစားနေပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ရဲ့ တာဝန်သက်တမ်း တိုးမြှင့်ဖို့အတွက်လည်း လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို တောင်းခံဖို့ ပြင်ဆင်နေပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အစိုးရအနေနဲ့ အဲဒီတပ်ဖွဲ့ဆီကို ရေကြောင်း ကင်းထောက်လေယာဉ်တစ်စင်း ထပ်ထည့်ပေးဖို့ကိုလည်း ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်နှစ်ခုစလုံးနဲ့ ပတ်သက်ပြီး ဘာမှ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး။

လက်ရှိလွှတ်တော်ရဲ့ ခွင့်ပြုချက်သက်တမ်းက ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး၊ တပ်ဖွဲ့ရဲ့ မစ်ရှင်နဲ့ သက်တမ်းတိုးမြှင့်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ရွေးချယ်စရာ နည်းလမ်းမျိုးစုံကို ဝန်ကြီးဌာနက ပြန်လည်သုံးသပ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ကန်ရှင်ချောလ်  က ဒီကနေ့မှာ လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ဆိုမာလီယာကမ်းရိုးတန်းမှာ ၂၀၀၉ ခုနှစ်ကတည်းက အခြေစိုက်လှုပ်ရှားနေတဲ့ ချောင်းဟယ်တပ်ဖွဲ့ ဟာ ကုန်တင်သင်္ဘောတွေကို လိုက်ပါစောင့်ရှောက်ပေးပြီး သင်္ဘောလမ်းကြောင်းတွေရဲ့ လုံခြုံရေးကို ကူညီဆောင်ရွက်ပေးနေပါတယ်။ လက်ရှိမှာတော့ တန်ချိန် ၄,၄၀၀ ရှိတဲ့ ဖျက်သင်္ဘောတစ်စင်း၊ ရဟတ်ယာဉ်တစ်စင်း၊ စပိဘုတ် သုံးစင်းအထိနဲ့ အင်အား အများဆုံး လူ ၃၂၀ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

စောင့်ရှောက်နိုင်တဲ့ နယ်ပယ်ကို ပိုမိုကျယ်ပြန့်လာစေဖို့အတွက် P-8A ပိုဆိုက်ဒွန် ရေကြောင်းကင်းထောက် လေယာဉ်တစ်စင်းကိုပါ ထပ်မံစေလွှတ်ဖို့ ရွေးချယ်စရာတစ်ခုအနေနဲ့ စဉ်းစားသုံးသပ်နေပါတယ်။

အခုလို ပြန်လည်သုံးသပ်လာရတာကတော့ အီရန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို ကူညီစောင့်ရှောက်ပေးဖို့ မဟာမိတ်နိုင်ငံတွေကို ဝါရှင်တန်ဒီစီက စစ်ရေးအရ အကူအညီတောင်းခံခဲ့ပြီးနောက်ပိုင်းမှာ ဖြစ်လာတာပါ။

သမ္မတ လီဂျယ်မြောင် က ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုရီးယားအနေနဲ့ ဒီစစ်ပွဲမှာ ပါဝင်ဖို့အတွက် စစ်သည်တွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုရီးယားသင်္ဘောတွေ၊ ရေနံတင်သင်္ဘောတွေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးတဲ့နေရာမှာ ချောင်းဟယ်တပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေဖို့ အစိုးရအနေနဲ့ စဉ်းစားနေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။

အမေရိကန်ရဲ့ တပ်ဖွဲ့စေလွှတ်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်တာမျိုး မဟုတ်ဘဲ၊ အခုလို တိုးချဲ့တာဟာ တပ်ဖွဲ့ရဲ့ မူလရှိပြီးသား ပင်လယ်ဓားပြနှိမ်နင်းရေးနဲ့ သင်္ဘောလုံခြုံရေး တာဝန်တွေကိုသာ ထောက်ကူပေးမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ရပ်တည် ပြောဆိုထားပါတယ်။


REF: The Korean Times

#News #Myanmar

မူရင်းသတင်း — Myanmar National Post