Myanmar National Post

ဘင်္ဂလားဒေ့ရှ်က နျူ့ဓာတ်ပေါင်းဖို စတင်လည်ပတ်ပြီ


အောက်တိုဘာ - ၃၀ ( သောကြာနေ့ ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်တဲ့ ရူပူနျူကလီးယားစက်ရုံဟာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နိုင်ဖို့အတွက် နောက်ဆုံးအဆင့် ထိန်းညှိစည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက်ကို ရရှိသွားပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နျူ့စွမ်းအင်စည်းမျဉ်းကော်မတီ (BAERA) က ရူပူစက်ရုံကို "စီ အဆင့်" သို့ တိုးမြှင့်လုပ်ဆောင်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း The Daily Star သတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒီအဆင့်မှာတော့ ဓာတ်ပေါင်းဖိုရဲ့ စွမ်းအားကိုမြှင့်တင်ပြီး ရေနွေးငွေ့ထုတ်လုပ်ကာ တာဘိုင်ကို လည်ပတ်စေခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကိုလည်း အဆင့်လိုက် တဖြည်းဖြည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

"အခုဆိုရင် ဓာတ်အားထုတ်လုပ်မှုစတင်ဖို့အတွက် ယူနစ် (၁) က ဓာတ်အားစတင်လည်ပတ်ရေးအဆင့် ကို ဆက်လုပ်ဆောင်သွားမှာပါ" လို့ BAERA ဥက္ကဋ္ဌ မဟာမူဒယ်ဟာဆန်  က သတင်းဌာနကို ပြောကြားခဲ့ပြီး စတင်မယ့်ရက်ကိုတော့ အာဏာပိုင်တွေက ဆက်လက်ဆုံးဖြတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ရူပူစက်ရုံကို တည်ဆောက်ပေးနေတဲ့ ရုရှားနျူကလီးယားကော်ပိုရေးရှင်း ရိုဆာတွမ် ရဲ့ အကြီးအကဲ အလက်ဇေးလီခါချက်  ကလည်း ဒီလအစောပိုင်းမှာ မီဒီယာတွေကို ပြောကြားခဲ့ရာမှာ စက်ရုံဟာ လာမယ့်လကုန်ပိုင်းလောက်မှာ နိုင်ငံတော်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပက်ဒ်မာမြစ်ကမ်းစပ်မှာ တည်ရှိပြီး ဒါကာမြို့ကနေ ၁၆၀ ကီလိုမီတာအကွာမှာရှိတဲ့ ရူပူ  စက်ရုံကို ရုရှားရဲ့ ငွေကြေးနဲ့ နည်းပညာ အထောက်အပံ့တွေနဲ့အတူ အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားဒီဇိုင်းထုတ် VVER-1200 ဓာတ်ပေါင်းဖို နှစ်ခုပါဝင်ပြီး စုစုပေါင်း စွမ်းအင်ထုတ်လုပ်နိုင်စွမ်း ပမာဏကတော့ ၂,၄၀၀ မဂ္ဂါဝပ် ရှိပါတယ်။ အဆိုပါ ပရောဂျက်အတွက် မော်စကိုဘက်က နိုင်ငံတော်ချေးငွေအနေနဲ့ ဒေါ်လာ ၁၁.၉ ဘီလီယံ ထောက်ပံ့ပေးထားပါတယ်။ စက်ရုံတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ပြီဆိုရင်တော့ ဒါကာမြို့ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။


Ref: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post