
နေပြည်တော်၊ အောက်တိုဘာ ၃၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် လွှတ်တော်သို့ လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ယခုကဲ့သို့ လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည့်အတွက် ဝမ်းမြောက်စွာ ဂုဏ်ယူကြိုဆိုပါကြောင်း၊ လွှတ်တော်များ၏ သက်တမ်းသည် နုနယ်သေးသည့်အတွက် ပြည်သူများအနေဖြင့် လွှတ်တော်များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအကြောင်းကို သိရှိသူနည်းပါးပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ယခုလိုတွေ့ဆုံစဉ် လွှတ်တော်များ၏ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအကြောင်းကို အနည်းငယ် ပြောကြားလိုပါကြောင်း၊ လွှတ်တော်နှစ်ရပ်စနစ်ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး ပြည်ထောင်စုအဆင့်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်တစ်ရပ်စီ ရှိကြပါကြောင်း၊ အဆိုပါလွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားစီဆောင်ရွက်ရသော်လည်း ဥပဒေပြုခြင်း၊ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပြည်သူကို ကိုယ်စားပြုခြင်း စသည့်လုပ်ငန်းတာဝန်များတွင် တူညီကြပါကြောင်း။
မိမိတို့လွှတ်တော်များအနေဖြင့် နိုင်ငံသူ နိုင်ငံသားများအားလုံး ဥပဒေ၏ အကာအကွယ်အောက်တွင် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ပြီး အကျိုးစီးပွား ဖြစ်ထွန်းစေရန် လက်ရှိတည်ဆဲဥပဒေများကို ခေတ်ကာလနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ဆောင်ရွက်ခြင်းဖြင့် ဥပဒေပြုတာဝန်ကိုလည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး(၃)ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားလွတ်လပ်စွာ ရပ်တည်ကြသော်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ထိန်းကျောင်းခြင်းတာဝန်ကိုလည်းကောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင်း မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းဖြင့် ပြည်သူကိုကိုယ်စားပြုခြင်း တာဝန်ကိုလည်းကောင်း စသည်ဖြင့် အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ အဆိုပါတာဝန်များကို မိမိတို့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများက အဓိက ဆောင်ရွက်လျက်ရှိကြပါကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့ လွှတ်တော်အနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းပညာ သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်များသည် ပြည်သူကို ကိုယ်စားပြုသည့်နေရာ၊ ပြည်သူ့အသံကို ဖော်ဆောင်ပေးသည့်နေရာဖြစ်၍ မိမိတို့ဒေသ၏ ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း စာကိုကြိုးစားသင်ယူပြီး အနာဂတ်တွင် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှ အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊ ဥပဒေပညာရှင် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှတင့်၊ ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းထွန်းဦးနှင့်အဖွဲ့ဝင် ဒေါက်တာကျော်ဆွေ၊ ခရမ်းမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဝင်းဆွေ၊ ဦးအောင်သီဟနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
#News #Myanmar